Pages

Monday, August 7, 2017

ရန်တွေဝိုင်းနေတဲ့ မြို့

မီးမိုး၊ မြားမိုးမရွာသေးပေမယ့်
ဒီမြို့ကို ရန်တွေက ဝိုင်းပတ်ထားပြီးပြီ
ဟိုမှာ လှုပ်လှုပ်ရွရွ ဒီနားက ရုပ်ရုပ်သဲသဲ
သားရဲအနံ့တွေနဲ့ ဂနာမငြိမ်
မီးခိုး တိမ်စိုင်မှောင်ကျ
ကောလဟာလတွေက တအိမ်ဝင် တအိမ်ထွက်။  

တချိန်က လှပပွင့်ဖူးခဲ့တဲ့ မြို့ကြီးပါ
မီးရောင်စုံနဲ့ တေးတွေမတိတ်ဆိတ်ခဲ့
ခုမှ လူတွေက
စိတ်ချလက်ချ အိပ်လို့မရနိုင် ဖြစ်နေပုံများ
"အိပ်မပျော်သူအတွက် ညတာရှည်လျား
ပန်းနေသူ ခရီးသွားအတွက် တစ်ယူဇနာ ပိုရှည်လျား
သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက်
သံသရာသည် အလွန်ရှည်လျား"နေရတယ်။ *

ပန်းပွင့်များ၊ ဝိုင်ခွက်များ ကပွဲများညှိုးလျ
တချို့က ကြံ့ကြံ့ခံ၊ တချို့လက်မြှောက်
အနောက်ဖက်တံခါး ကျိုးပျက်ပြီလား
အရှေ့စစ်မျက်နှာမှာ ဘာလို့အကြာကြီး တိတ်ဆိတ်နေရပါလိမ့်
ပလိပ်၊ ကြွက်သေနဲ့ ခွေးအူသံများ
စိတ်ဝိဉာဉ်တွေ ရွာရိုးကိုးပေါက် ခြောက်ခြားနေရသလိုလို
အပြိုအပျက်တွေကို ထိုင်အုပ်ချုပ်လို့
မြို့ဝန်က သဟောက်သဟမ်းနဲ့ ဟန်ကိုယ့်ဖို့လုပ်နေသေးတယ်။

တောက မြို့ကို ပတ်ဝိုင်းတာလား
မြို့ကတောကို ပတ်ဝိုင်းတာလား မသိ
ဝိုင်းတာတော့ ဝိုင်းပတ်ထားကြပြီ
ပြည်သူက လူထုကို ပတ်ဝိုင်းထားတယ်
သတင်းက မီဒီယာကို ပတ်ဝိုင်းထားတယ်
သံဃာက ရဟန်းကို ပတ်ဝိုင်းထားတယ်
တိုင်းရင်းသားက လူနည်းစုကို ပတ်ဝိုင်းထားတယ်
တို့မီးက ရှို့မီးကို ပတ်ဝိုင်းထားတယ်။

မြို့ရိုးဟာ ခြစားတာတွေနဲ့ ပေါက်ပြဲ
တရားနဲ့ မျှတမှုဟာလည်း တရားသူကြီးဆီမှာ မနေတော့ဘူး
ခိုးလမ်းကနေ ကျွန်တွေ ကူးသွားကြ
ကမ်းတိုက်စားလို့ တဖက်မြေဖို့သလို
သူတပါးမြို့တွေကို သစ္စာခံကုန်ကြတယ်။

မြို့လမ်းမထဲ မထွက်ရဲအောင် ဖြစ်လာတယ်
'အကြောက်တရား'ကိုယ်၌က ပိုကြောက်ဖို့ ကောင်းနေသလိုပဲ
သတင်းထဲ ရန်ပေါင်းခ
မင်တံနဲ့ လည်ပင်းကိုထောက် လုယက်ကြတယ်
ကြက်သီးမွေးညင်းထစရာ
သေနတ်သမားဟာ ဆင်ခြင်တုံတရားကို တေ့ပစ်ထည့်လိုက်တယ်။
သတင်းဆိုးကတော့ လျို့ဝှက်ကြံစည် သေနတ်သမားဟာ
လူတိုင်းနောက်နားမှာ ရှိနေနိုင်ပြီး၊
သတင်းကောင်းကတော့
လူသူအားလုံး လွတ်လပ်မှု နည်းနည်းကျဉ်းမြောင်းလိုက်တာပါပဲ။

ငှက်တွေ ကောင်းကင်က ပြုတ်ကျလာတယ်
တဖက် ကင်းတပ်မြို့က စာပို့ငှက်ပါ ပါသွားခဲ့
တီးတိုး တီးတိုးနဲ့ သတင်းတွေ ဟိုနားသည်နားလောင်တယ်
သင်္ဘောတွေ အလံထောင်လာနေကြပြီလား
အပစ်ရပ်ညှိနှိုင်းမှု စာလွှာပါးလိုက်ပြီဆို
ဂလိုဘယ်လိုက်ဇေးရှင်းက ဒရမ်တီးပြီးလာနေဆိုလား
အိုဘော (OBOR) ရထား ** က နက်ဖြန်ဆိုက်မှာလား
စစ်ကူတွေက ရထားနဲ့ လိုက်လာမှာလား
ကွဲပြားသိဖို့ ခက်ကုန်တယ်။

ကြယ်တွေ လတွေကို ထွက်မကြည့်ရဲကြတော့ဘူး
အိမ်အမှောင်ထဲနေကြ၊ မိဘတွေက
ဒဏ္ဍာရီလာ ဘီလူး သဘက် ပေတမှတ်တမ်းတွေ ပြန်ပြောကြတယ်။
ဒီခေတ်မှာ ရေကိုချွေတာပါကွဲ့
အလင်းကို ချွေတာပါကွဲ့
ပျက်စီးရန် ကပ်ကြီးသုံးပါး *** မှာ
အဆုံအမတရားတွေ တည်ကြပါတဲ့။

"ဗုဒ္ဓာနံ ဇီဝိတဿ
န သက္ကာ ကေနစိ
အန္တရာယော ကာတုံ၊
တထာ မေ ဟောတု"
ဗုဒ္ဓါနံ … မြတ်စွာဘုရားတို့၏ ဇီဝိတဿ … အသက်တော်၏၊ အန္တရာယော … ဘေးအန္တရာယ်ကို၊ ကေနစိ … တစုံတယောက်သော သူသည်၊ ကာတုံ … ပြုခြင်းငှာ၊ နသက္ကာ … မတတ်နိုင်၊ တထာ … ထို့အတူ၊ မေ … တပည့်တော်အား၊ ဟောတု … ဖြစ်ပါစေသတည်း။ ****

"ချစ်သူတို့ သင်တို့သည်
မိမိတို့ အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ
မိမိတို့ကိုတည်ဆောက်လျှက်၊
သန့်ရှင်းသော ဝိဉာဉ်တော်အားဖြင့် ဆုတောင်း ပဋ္ဌနာပြုလျှက်၊
ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌
ကိုယ်ကိုကိုယ် စောင့်ရှောက်၍
ထာဝရအသက်အလို့ငှာ၊
ငါတို့သခင် ယေရှုခရစ်၏
ဂရုဏာတော်ကို မျှော်လင့်၍နေကြလော့" *****

ကလေးများ
ပေါင်မုန့် ဆွပ်ပြုတ်၊ အရိုးအရင်းတမ်းတ
တအီအီ ငိုကြလို့…  
ဒဏ်ရာ အနာတရနဲ့ လူတွေပြန်လာခဲ့ကြတယ်
သွေးညှီ ပုတ်အဲ့ ဒရိမ်းဒယိုင်
မျှော်လင့်ချက်ပြိုကွဲ မီးတိုင်တွေအောက်မှာ
ထိုင်နေတဲ့ သူတို့တွေ
လူယောင်ဆောင်နေကြသူများလား
ဘုန်းကြီးတွေက ဘုန်းကြီးအစစ်တွေလား
ဓမ္မဆရာတွေကရော ဓမ္မအစစ်တွေ ဟောမှာလား
သံသယမိုးရေအောက်၊ အဝိဇ္ဖာ ခေါင်းလောင်းထိုးသံတွေအောက်  
မြို့တော် ခါးရိုးဟာ ပိုကောက်ကွေးနေခဲ့ရတယ်။     ။

ယောဟန်အောင်
သြဂုတ် ၇၊ ၂၀၁၇
-------------------
ပိုလန်ကဗျာဆရာ ဘစ်နျူး ဟားဘတ် (Zbigniew Herbert) (၁၉၂၄-၁၉၉၈) ၏ ရန်သူဝိုင်းခံနေရသော မြို့မှ အစီရင်ခံစာ တစောင် (Report From The Besieged City) ကဗျာကို ဆင့်ပွားခံစား ရေးဖွဲ့ပါသည်။                   
------------------- 

* ဓမ္မပါဒ (၆၀)
** တရုတ်နိုင်ငံ၏ စင်္ကြန်ပတ်လမ်း One belt -One Road စီမံကိန်း
*** ကပ်ကြီး ၃ ပါး
(၁) ဒုဗ ္ဘိက္ခန ္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း
(၂) သတ္တတန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း
(၃) ရောဂန္တရကပ် = အနာရောဂါဘေးကြောင့် ပျက်စီးခြင်း
**** ဓာရဏပရိတ်
***** (ယုဒ ၂၀း၂၁)

                        

No comments:

Recent Comments