Pages

Saturday, August 5, 2017

မအေးသောင်းတို့ ရပ်ကွက်

သူငယ်မရယ်
ယမန်နေ့ကို ချန်ထားရစ်ပြီပဲ
ငါတို့လာတယ်၊ ငါတို့ မဲပေးတယ်
ငါတို့ ပြောင်းလဲခဲ့တယ်လေ။

ဒါပေမယ့်
ဒီရပ်ကွက်မှာ ဇာတ်လမ်းတွေ၊ ဇတ်ကြမ်းတွေ
မနေ့ကလိုပဲလား
နံနံစော် ပြိုပြိုလဲ
သူတို့လို လူတန်းစားတွေ တဲတွေကြား
မွေးထားတဲ့ ဝက်တွေက ဟိုသွားသည်သွား
တဲအိမ်တွေ တစ်လုံးနဲ့တစ်လုံး
သူ့ကိုယ်မှီ ကိုယ့်သူမှီနဲ့
ဘဝတွေ ပခုံးချင်း ကျားကန်ထားကြရ။

ဒီရပ်ကွက်မှာ
ကလေးတွေက ပိန်တယ်
သစ်သီးတွေက ပိန်တယ်
ကြက်ပေါင်တွေ၊ သားငါးတွေက ပိန်တယ်
ဟင်းရွက်တွေက ဈေးပေါင်ကျိုးချိန်လို ညှိုးပိန်လှီတယ်။

ဒီအရပ်မှာ သူတို့က အိမ်ရှင်ဆိုလည်း ဟုတ်သလို၊
ဧည့်သည်ဆိုလည်း ဟုတ်တယ်
လိပ်ပြာလို အိပ်မက်နဲ့လာပြီး
ပိုးဟပ်လို ခိုကပ်နေရသူတွေ   
အိုးအိမ် ပျက်သုဉ်းလာသူတွေ မဟုတ်ကြပေမယ့်
သင်္ဘောပျက် ပျဉ်စတွေ ကမ်းဆိုက်ကြ
ဒုက္ခသည်ဘဝ ရောက်နေရပြီ။

ထမင်းချိုင့်လေးတွေ ဆွဲပြီးလာတယ်
မိုးမလင်းခင်လာတယ်
ဖယ်ရီကားပေါ် ငိုက်မြည်းလာတယ်
မီးခိုးခေါင်းတိုင်မဲ့ စက်ရုံတွေမှာ
သူတို့ပဲ လောင်စာ၊
ခေါင်းမီးတောက် တလူလူ
သူ့တို့အနာဂတ်က ပြာပူပူ
သူတို့ကို ငါးသေတ္တာတွေလို တူရာတူရာ စီတယ်၊
သလဲသီးထဲက အစေ့တွေလို စီစီရီရီ။

စီစီရီရီ ချုပ်သားတွေနဲ့ အထည်ချုပ်ရုံကြီးမှာ
သူတို့ကိုယ်တိုင်က စက်ယန္တယားဖြစ်
မှောင်မဲညစ်ညစ် ချောင်ထဲမှာ 
[ထောင်တံတိုင်းထဲ အသက်ရှူရသလို]
အလုပ်ဆိုင်းတွေက
နေ့နဲ့ည …
နေ့နဲ့ည …
ချားရဟတ်ကြီးလို ဒုက္ခကြီးကြီးတွေနဲ့ လည်တယ်။

ချုပ်ကြောင်းဖြောင့်ဖို့ ကြိုးစားရပေမယ့်
သူတို့ဘဝတွေက မဖြောင့်ကြဘူး
ဒီရွာမှာ ငွေစုမိတဲ့ သူငယ်မ ပြစမ်းပ၊
အကြွေးကင်းတဲ့အိမ် ပြစမ်းပ၊
မသေဘူးတဲ့အိမ်က မုန်ညင်းဆီရချင်ရမယ်
သူတို့က အဖတ်ဆယ်မိတာ မရှိသေးသလောက်ပဲ။

အုန်းအုန်းသည်းသည်း မိုးမဲရွာချရင်
သူတို့မျက်ရည်တွေလည်း အိုင်ထွန်းပြီးလွှမ်းတယ်။
နင်းတယ် ချုပ်တယ်
သူတို့ခြေထောက်တွေ လက်တွေက တရစပ်ချုပ်တယ်
နင်းတယ် နှိပ်တယ် မာဆတ်ပါလာထဲ
သူတို့ လက်ကြောတင်းတင်း နှိပ်တယ်နင်းတယ်
သူတို့ကို သူတို့ စက်ရုပ်လား၊ လူလား မခွဲခြားနိုင်တော့ဘူး
သူတို့ အိပ်မက်တွေ ဖြူဖျော့လာတယ်
သူတို့ အသားအရေ ဖြူဖျော့လာတယ်။

သူတို့က အာဟာရ မပါတာတွေ စားတယ်
ဘေထုပ်နဲ့ အသက်ရှင်
ဗိုက်ဝရင်ပြီးရော စားတယ်
စက်ရုံကြီးက သူတို့ကို စုတ်ယူနေပုံများ
မျက်လုံးတွေက အရောင်မလက်နိုင်တော့ဘူး
ဝမ်းမစိုကြတဲ့ကြား
တိုးရင်းပေါင်းကြွေးတွေ သံသရာလည်း ခါးတော့ 
ပွဲတော်တွေကို ထားခဲ့ရပြီ
မှားတယ် မှန်တယ်လည်း မစဉ်းစားချင်ဘူး
သံသရာလည်း ဒါပဲ၊ နိဗ္ဗာန်လည်း ဒါပဲ
ဇိမ်ခံဖို့ဆိုရင် ဘီလ်နည်းနည်းဖြည့်
လိုင်းပေါ်တက် ဟိုကြည့်သည်ကြည့်မျှ။

မြေဘုတ်ငှက်ကလေးတွေ
ကောင်းကင်ကြီးကို လွမ်းသလိုပ
သူတို့ရွာကိုလွမ်း၊ မိဘတွေကိုလွမ်း
ဝင်းပတဲ့ ထွက်စ.. နေကို လွမ်းတယ်
ငယ်ဘဝ ကန်သင်းရိုးတွေကို လွမ်းတယ်
ကောက်သစ်စားပွဲတွေကို ပြန်နိုင်ဦးမှာ မဟုတ်ဘူး။

လှံတွေ မိုးကျလာတာ တစ်လက်ပြီးတစ်လက်
သူတို့ရပ်ကွက်က မြေနိမ့်တယ်
ဂျင်းထည့်တဲ့ကောင်တွေက ခပ်ကြွားကြွား
ကိုယ်ပိုင်ကားတွေရပ်ပြီး အမဲလိုက်တယ်
ရွှေဆွဲကြိုးနဲ့ကောင်…  
စကားမပီတဲ့ကောင်တွေက ကျော့ကွင်းလာထောင်တယ်
အပေါင်ဆိုင်ရှင်၊ ကြွေးသခင်၊
ကုန်စုံဆိုင်ရှင်က တောခြောက်ပေး
အချို့လည်း သမင်ဒရယ်လေးတွေလို
တောရိုင်းမာယာမှာ ဒူးဝပ်ပေးလိုက်ကြရတယ်။

ဒီမှာ သူဌေး၊ သူဌေးမတွေက
အတ္တနဲ့ မှောင်မိုက်တယ်
သူ့လက်ထဲမှာ ဒါးလည်းရှိ၊
သူတို့ထူထောင်တဲ့ တရားလည်းရှိ
ကိုယ့်တပ်ကိုယ်နင်းတယ်
ကိုယ့်အချင်းချင်း ခေါင်းပုံဖြတ်တယ်
ငတ်မွတ်ခေါင်းပါးလှတဲ့ သူတို့နို့ပိန်တွေကိုမှ
အငမ်းမရ… ဇိမ်နဲ့စို့နေကြသမို့။

စက်ရုံက အထည်ချုပ်သူငယ်မတို့
ငြိမ်ဝပ်ပိပြားကြပါ
ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ ခြောက်ခြားစေသမို့
တဦးချင်းလွတ်လပ်မှုထက်
အစိုးရအားကောင်းရေး အားပေးကြပါ
သွေးထိုးသူတွေ၊ အပ ပယောဂတွေဟာ
နေရာတိုင်းမှာ ရှိသမို့၊ သင်တို့ မီးဖိုချောင်ထဲတောင် ရှိသမို့
အဘလူတွေက သဲနဲ့ပက်ကြဦးမှာမို့   
အာဠာဝက အစိုးရလိုတယ် …
လုပ်ခတိုးလိုတဲ့ ဒီ အာသီသကို ရပ်ကြပါတော့
ဒီ အရာရှိမင်းတွေက ကျီးပြိုသလို လာလာအော်တယ်။

သူငယ်မရယ်
ဘယ်ကိုသွားလို့ ပန်းတိုင်က ဘယ်လောက်ဝေးမှာလဲ။

ရွေးချယ်စရာလည်း မရှိပါပဲ
အနာအိုင်းအပြည့် လမ်းမကြီးထဲ
ဆိုက်ကယ်ကယ်ရီ သမားလေးနဲ့ ရွှေလက်တွဲလိုက်ရမှာလား   
ကေတီဗွီ (KTV) ကိုသွား စားပွဲထိုးမှာလား
ပွဲစားတွေနဲ့ချိတ် အနှိပ်သမ၊ အိမ်ဖော်မ ….  
သူတို့အိပ်မက် ငွေ့ငွေ့တွေက
ပြာကျလုတဲတဲ…။

ယောဟန်အောင်

သြဂုတ် ၅၊ ၂၀၁၇။  

No comments:

Recent Comments