Pages

Sunday, February 5, 2017

ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး

ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး
ငါတို့ကြားထဲ ဆူးခံ
သူစိမ်းဆန်ဆန် ဖြစ်လာကတည်းကပေါ့။

ဒီမြို့ဟာ တတိယကမ္ဘာဆန်ဆန် မွမ်းမံထားတဲ့မြို့ပါ။
ဆင်းရဲသားနဲ့ ကျူးကျော် ထူပြောတယ်၊
ရောဂါဘယနဲ့ တပွဲထိုး ကုထုံး reform တွေပေါတယ်
ကားလမ်းချိုင့်ခွက်ပေါတယ်
အပြော ညာမီးပြပြီး၊ အလုပ်ဘယ်ဖက် ကွေ့ချသွားတဲ့ ကားတွေများတယ်
လာဘ်ခေါ်ပါးစပ်တွေ ပေါတယ်
အိပ်ကပ်ဖောင်းရေး ပိုက်ဆံထည့်ဖို့လောက်ပဲ ကြည့်နေတဲ့သူတွေများတယ်
မုဆိုးတွေ တောလည်တယ်
လက်ညှိုးတကွေးမှာ မနက်ဖြန်တွေ ထွေးကနဲ ပုံကျသွားနိုင်တယ်။

ငါ့အတွေးအခေါ်က ပိုအေးစက်လာတယ်
မင်းပါးနီထွေးက ပိုဖြူလျော်လာသလိုပဲ
ဇွမ်ဘီ (Zombie) တွေလို မဖြစ်လာစေဖို့
အိမ်တွင်းပုန်းအောင်း ချောင်းနေကြရတော့တယ်။
"ပန်းပေါင်းစုံပွင့်ပါစေ
အတွေးအခေါ်ပေါင်းစုံ ရှင်သန်နိုင်ပါစေ" ဆိုတာ ဒီမြို့မဟုတ်ဘူး
နည်းနည်းဝေဖန်မိရင် အုံနဲ့ကျင်းနဲ့ ဆဲခံရမယ်
ပြောရရင် ဒီမြို့ရဲ့ မိုးကုပ်စက်ဝိုင်းဟာ ပိုကျဉ်းလာနေခဲ့တယ်။
 
ဒီမြို့မှာ နေရတာ
မီးအားကျတယ်
စိတ်ဓာတ်ကျတယ်
ကုန်ဈေးနှုန်းတက်တယ်
သွေးပေါင်တက်တယ်
ဒါနဲ့ပဲ စားစရာတွေကို ချိုစေဖို့ အချိုမှုန့်ကို ကြုံးကြုံးထည့်
ဟင်းတွေမြိန်ဖို့ ငရုပ်သီးတွေ အရောင်ဆိုး
ကိုယ့်ဘာသာဖျော်ဖြေဖို့ 'ပေါကား'တွေကြည့်ကြ
'ဟာသ'ဆိုတာတော့ သတင်းစာ ရှာဖတ်ပေါ့။  

ဒီမြို့မှာ ခင်ဗျားဟာ လူလည်မဖြစ်နိုင်သေးဘူး
တညအိပ်တွေ စွာတဲ့ခေတ်
အလှူခံတွေ တရားပြတဲ့ခေတ်
သင်္ကြန်စာလောက်ဖတ်ပြီး ရှေ့ဖြစ်ဟောတဲ့ခေတ်
သေစရာရှိရင် အရင်သေ၊ ပြီးမှသမိုင်းမြှောက်ပင့် ရေးပေးတဲ့ခေတ်
ပါးစပ်ကိုပိတ်… တိတ်
သိပ်ပြောချင်လာရင်လည်း ချောင်းလေး တဟန့်ဟန့်
ရှူဆေးလေး တရှုံ့ရှုံ့နဲ့ နေနိုင်မှ တော်ကာကျမယ်။

မြို့အကြောင်းပြောတော့ ဇာတ်နာလိုက်ပုံများ
ပရိသတ်က ဇာတ်လိုက်နဲ့ လူကြမ်းပဲ သိထားကြတော့
ကျန်ဇာတ်ကောင်အားလုံး ရယ်ပွဲဖွဲ့ ဟာသဖြစ်ရ
စောလူးမင်းဇာတ်တော့ ခဏခဏ ကရတယ်။

ယောဟန်အောင်
ဖေ ၅၊ ၂၀၁၇။ 

No comments:

Recent Comments