ကားကြီးရဲ့ ရင်ပုံရိုးထဲ
အလွမ်းမီးလေးတစ်ပုံ ပျိုးလာခဲ့တယ်
ဘဝစာမျက်နှာတွေ လောင်စာရှို့လို့ပေါ့။
မိုး မရွာပါဘူး။
ဒါပေမယ့် ရင်ထဲ အလွမ်းတိမ်ဖွဲ့မှိုင်းညို့
လေ မထန်ပါဘူး။
တမ်းတမှုတွေ လှိုင်းထလွန်းလို့
မစိုက်ပျိုးဘဲထားတဲ့ အလွမ်းတွေက
အခုမှ အထွက်တိုးနေလိုက်ကြတာ။
အခါလွန်ပြီးမှ ငယ်ချစ်ကို ပြန်တွေ့ခဲ့ရ
သူ့ကိုငါ ချစ်နေတုန်းပါပဲ ဆိုတာ
ငါသိခဲ့ရ၊ အနာတရပေါ့။
ရုပ်ရှင်ဆိုရင်တော့ ကောင်းသား၊
ပီယာနို တစ်ချက်နှစ်ချက်တို့
ပျော်ရွှင်စွာ ဇာတ်ပေါင်းလိုက်ဖို့ တန်ပါပြီ။
အခုတော့
ဆရာဝန်များ Post-mortem ရင်ခွဲတဲ့အဖြစ်မျိုးပါ…
ရောဂါကို အတိအကျသိလိုက်ရ
သေဆုံးသွားပြီးတဲ့ နောက်မှပေါ့။
အရာရာကို အဆုံးရှုံးမခံနိုင်လို့
အရာရာကို ဆုံးရှုံးခဲ့ရပါတယ်။
ခရီးဆုံးရောက်တော့မှ ပြောရတယ်
ဆောရီးဗျာ.. ကားဆရာ
ခင်ဗျားကားမှာ ကျနော့်ကြောင့်
အလွမ်းတွေ ဖွာလံကျဲနေခဲ့တယ်။
ယောဟန်အောင်
အောက် ၂၉၊ ၂၀၁၆။
No comments:
Post a Comment