ဒီမြို့ကလေးက စည်ကားနေတာ လအတော်ကြာပြီ။ နှစ်ဝက်ကျော် နီးပါးရှိတော့မယ်။ မြို့ကလေးဆိုတာက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နဲ့ နီးတဲ့ စံခပူရီမြို့ကလေးပါ။ နယ်စပ်ဆိုတော့ လူအများစုက ကရင်၊ မွန်လူမျိုးတွေများတယ်၊ ဗမာ၊ ထားဝယ် အနည်းအကျဉ်း၊ ထိုင်းလူမျိုးတွေ ရှိကြတယ်။ မြို့ကလေးနဲ့ မွန်ရွာကို ဖြတ်သွားတဲ့ ရေကန်ကြီးပေါ်မှာ သစ်သား တံတားကြီးတစ်ခုလည်း ရှိတယ်။ ကွယ်လွန်လေသူ ဝင်းကမွန်ဆရာတော် ဦးဥတ္တမဆောက်လုပ်ထားခဲ့တာ၊ တစ်ကီလို မီတာကျော် ရှည်တယ်။ ထိုင်းနိုင်ငံမှာ အရှည်ဆုံး သစ်သားတံတားလို့လည်း ဆိုကြတယ်။ ဒီလိုနဲ့ ၂၀၁၃ မှာ တောင်ကျ ရေတွေ ဆင်းလာတော့ သစ်သားတံတားကြီးကို တိုက်စားသွားခဲ့တယ်။ တံတားကြီး ထက်ပိုင်းကျိုး၊ တကယ်ကတော့ တံတားက မခိုင်လို့ မဟုတ်ဘဲ၊ တိုင်အောက်ခြေတွေ ရေထဲကျွတ်ပြီး မျောသွားတော့၊ တံတားကြီး ပြိုဆင်းသွားတာပေါ့။
အဲဒီကာလမှာ ဝါးဖောင်တွေနဲ့ တံတားယာယီ အစားထိုးတယ်။ ဝါးဖောင်တွေကို စုချည်ပြီး အပေါ်ကပြန်ခင်း တံတားထိုး ထားတာ အတော်ခိုင်တယ်။ (ကျနော် ဒီတံတားဓာတ်ပုံတင်တော့ ဆရာမကြီး ဒေါ်ကြည်မေကောင်း မှတ်ချက်ပေးတာ အမှတ်ရသေးတယ်။ အရင် မြန်မာဘုရင်တွေ စစ်ချီတက်တဲ့အခါ သုံးတာ ဒီလိုတံတားမျိုးထင်တယ်တဲ့။ ဖြစ်လည်း ဖြစ်နိုင်တယ်။ ဆင်၊ မြင်းတွေ ဖြတ်လျှောက်ပါစေဦး ရတယ်။) တံတားကျိုးတော့လည်း ဧည့်သည်များတယ်။ တံတား ဘယ်လိုကျိုးတယ် လာကြည့်ကြတာ။ ဝါးတံတားထိုးတော့လည်း ဆန်းလို့ လာကြည့်ကြပြန်တယ်။ နောက်ပိုင်းတော့ ထိုင်း အစိုးရက တံတားဆောက်ဖို့ ပရောဂျက်ချပေးတယ်။ အရင်ကတော့ ဒီသစ်သားတံတားဟာ မွန်ဆရာတော်ကြီး ဦးဥတ္တမ အပိုင်၊ သူတာဝန် ယူဆောက်တာ၊ ထိုင်းအစိုးရနဲ့ လားလားမျှမဆိုင်။ မွန်ဆရာတော်ကြီးကလည်း ထိုင်းဘုရင်က ကိုးကွယ် လို့ဆိုပြီး နာမည်ကျော်တယ်။ ခုတံတားကျိုးတဲ့ အချိန်မှာတော့ ပျံလွန်တော်မူသွားတာ ကြာလှပေါ့။ ၁၉၉၀ ဝန်းကျင်များ ကာလ တံတားဆွေးတော့ ပြန်ဆောက်ဖို့ လိုလာတယ်။ ဒီအချိန်မှာ မြန်မာစစ်အစိုးရမှာ အာဏာထက်နေသူ ဗိုလ်ချုပ် ခင်ညွန့်ကနေပြီး၊ စည်းရုံးတဲ့အနေနဲ့ ဆရာတော်ကို ဘွဲ့ကပ်၊ တံတားအတွက် သစ်တွေလည်း လှူတယ် ကြားရပြန်တယ်။ ဒီကြားထဲမှာ တစ်ခါပြန်ပြင်ကြရသေးတယ်။ တံတားပြင်ရင် ရွာမှာ အိမ်သစ်တွေ တိုးလာတတ်တယ်။ တံတားသစ်လည်း လူကြီးအိမ်အတွက် သစ်ဖြစ်တယ် ထင်ပါ့။ ခုတစ်ခါ တံတားကျိုးတော့ ထိုင်းအစိုးရက ပြင်လိုတယ်။ မြို့ကလေးအတွက် ဂုဏ်ဆောင်ဖြစ်နေတာကိုး။ ဒါပေမယ့် ကိစ္စအမျိုးမျိုးနဲ့ တံတားပြုပြင်ရေးက ကြန့်ကြာနေတယ်။ ဘတ်ဂျက်နှစ်ကုန်လို့ တောင် တံတားကို ကိုင်တွယ်တာ မရှိသေး။ ငွေအရှုပ်အရှင်းတွေလည်း ဖြစ်ပုံရတယ်။ နောက်တော့ အချိန်တွေလွန်၊ ဘတ်ဂျက်ကိစ္စ အရှုပ်အထွေးတွေက သတင်းမီဒီယာထဲ၊ တီဗွီထဲပါလာတယ်။ သတင်းဇာတ်ရှုပ် (Scandal) ဆိုတော့လည်း တံတားအကျိုးအပျက်ကို တီဗွီတွေလာရိုက်၊ လူတွေ လာကြည့်ကြပြန်ရော…။
ဒီတံတားက ကျနော်နဲ့လည်း ဇာတ်လမ်းတွေ ရှိခဲ့ပါရောလား။ ကျနော့်ဇနီးက တံတားနားမှာ နေတဲ့ မွန်လူမျိုးလေ။ တံတား ဆိုတဲ့ ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့သေးတယ်။
တံတား
“ကောင်မလေးရေ
ဒုက္ခသည်စခန်းဆိုတာ
ဘဝရဲ့ပန်းတိုင်လို့တော့ မထင်လိုက်လေနဲ့...၊”1
ငါက ရည်ရွယ်နေတာပါ
ငါက မင်းကို
နိုင်ငံတော်ကို အပ်ချင်တယ်။
လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာ
သာယာတဲ့ကလေးတွေရဲ့
အနာဂတ်
အကြွင်းမဲ့ ပေးအပ်ချင်လို့။
မင်းကတော့
ငါ့ကိုပဲ လိုတယ်တဲ့။
ချစ်ခြင်းမေတ္တာ
ကမ္ဘာဦးမီးဖို
သားသမီး တစ်ဦး၊ နှစ်ဦးဆို တော်ပြီတဲ့။
လပြည့်ညကို
အရှေ့ကမ်း၊ အနောက်ကမ်းကကြည့်
အိပ်မက်တွေကို ညှိဖို့ကြိုးစား
ကမ်းနှစ်ခုကြား ဆောက်ထားတဲ့တံထားပေါ်မှာ
တစ်ယောက်ကို တစ်ယောက်ကကူလို့
စောင့်ရလို့ ဖြူရော်နေတယ်။
သင်နဲ့ငါ
မပြတ်သားမှုတစ်ရာ
ဆင်ခြေတစ်ရာ
ဘဝအကြောင်းခဏပဲ ပြောပါတယ်။
မောတယ်၊
မောတယ်။
သူရော ငါရောညည်းလိုက်တယ်....။
ယောဟန်အောင်
၁၉၉၁ နိုဝင်ဘာ (၁၁)
1 လှသန်းရဲ့ ခင်ဗျားတို့ပြောပြောနေတဲ့ဘဝသရုပ်ဖော်ဝတ္ထုမှ။ စာပေဂျာနယ်၊ ဇန် ၁၉၉၅။
တံတားအကြောင်းကနေ ကဗျာအကြောင်း၊ ကိုယ်ရေးကိုယ်တာအကြောင်း ရောက်ကုန်တယ်။ ဒီလိုနဲ့ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းပါလေရော။ အာဏာသိမ်းဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာက "ထိုင်းလူထု အားလုံးကို ပျော်ရွှင်စေချင်သူ" ဆိုပြီး ကြွေးကြော်သံလုပ်တယ်။ အာဏာသိမ်းစစ်အစိုးရတွေရဲ့ ထုံးစံအတိုင်း လူထုထောက်ခံမှုရမယ့်ကိစ္စ တွေကို ရှာတယ်။ ဒီလိုနဲ့ သစ်သားတံတားကြီးပြင်ဖို့ သူက အင်ဂျင်နီယာ တပ်ဖွဲ့တစ်ခုကို လွှတ်လိုက်တယ်။ ဘတ်ဂျက်ငွေလည်း ချပေးလိုက်တယ်။ ဒီလိုနဲ့ တံတားကြီးပြုပြင်ရေးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာခဲ့တယ်။ ဘလော့ရေးတဲ့ ဓာတ်ပုံဆရာ ဂျက် ကာ့ဇ် (Jack Kurtz) က သူ့ဘလော့ မှာ တံတား ပြင်တဲ့အကြောင်းတွေ ရေးထားသေးတယ်။
ဒီတံတားကြီး စစ်တပ်က အင်နဲ့အားနဲ့ ပြင်လိုက်တော့ ဘယ်ကြာမလဲ။ ဒီတစ်ကြိမ်တော့ ရွာမှာလည်း အိမ်သစ်တွေ တိုးဖို့ ခက်သွားတယ်။ စစ်တပ်က ကြပ်မတ်လုပ်နေတာကိုး။ မဆီမဆိုင် စဉ်းစားမိသေးတယ်။ မြန်မာ့တပ်မတော်က လူထုထောက်ခံမှုအတွက်ဆိုရင် ဦးပိန်တံတားကြီးကိုလည်း အဲသလို အင်တိုက် အားတိုက်လုပ်လိုက်ရင် မကောင်းဘူးလားလို့ပေါ့။
ဒီလိုနဲ့ မနှစ် နှစ်ကုန်ပိုင်းလောက်မှာ တံတားကြီးပြီး၊ ဖွင့်ပွဲတွေလုပ်၊ ပြည်သူ-စစ်တပ် ပူးပေါင်းအင်အားနဲ့ဆိုတဲ့ ထိုးဇာတ် ကဇာတ်တွေလည်း ခင်းတာပေါ့။ တံတားဖွင့်ပွဲလည်း လူစည်တာပဲ။ တံတားကြီး ပြီးတော့လည်း တံတားအသစ်ကို လာကြည့်သူတွေက အများအပြား။ ကံကောင်းချင်တော့ ဒီနှစ်ဆောင်း ရာသီဥတုကလည်းအေး၊ မြူနှင်းတွေဆိုင်း ဆိုတော့ သဘာဝ အငွေ့အသက်ကို ရလိုတဲ့ မြို့ကြီးနေ ထိုင်းဧည့်သည်တွေက အများသား။ နောက်တစ်ခါ ထိုင်းနိုင်ငံထဲမှာ ဆိုင်ကယ်အုပ်ဖွဲ့ လည်ပတ်ကြတဲ့ ဓလေ့ကလည်း အားကောင်းလာတော့ ဆိုင်ကယ်အုပ်တွေလည်း တစ်ဗုံးဗုံး တစ်ဒိုင်းဒိုင်းနဲ့ ရောက်လာတယ်။
ဟိုတယ် နေရာမရကြဘူး။ ဟိုတယ်တွေကလည်း ဈေးမတန်တဆ တောင်းတယ်။ လူတွေက နေစရာမရှိတော့ လမ်းဓားပြ တိုက်ခံရသလို ပေးကြရတယ်။ ဝန်ဆောင်မှု မကောင်းဘဲ၊ အဆင့်မမြင့်ဘဲ ဟိုတယ်တခန်း ဘတ် ၃၀၀၀ (ဒေါ်လာ ၁၀၀ နီးပါး) တောင်းကြတယ်။ ယာယီတဲထိုးပြီး အအေးဒဏ်ခံ တစ်ည အိပ်ကြတဲ့သူတွေလည်း မနည်းလှဘူး။
နောက်ထပ် ပြောစရာရှိတဲ့ အချက်က သစ်သားတံတားကြီးနဲ့ အင်းက ရှုခင်းအတော်လှပတယ်။ ကျနော်တို့ ပုဂံလိုပဲ။ ဓာတ်ပုံ မရိုက်တတ်တဲ့သူတောင် ကြုံရာကင်မရာနဲ့ ရိုက်၊ လှတယ်လို့ ပြောလို့ရတယ်။
ဒီလိုနဲ့ ရွာကလေးမှာလည်း အပြောင်းအလဲ တွေ ဖြစ်လာခဲ့တယ်။
ကားတွေ သိပ်ကျပ်တယ်။ ရွာက လမ်းတွေက ကွန်ကရစ်လမ်းဆိုပေမယ့် မကျယ်လှဘူး။ ကားရပ်စရာနေရာ မရှိတော့ လောက်အောင် ဖြစ်လာတယ်။
ကားတွေများလွန်းတဲ့အခါ ရွာမှာ တစ်လမ်းသွားလမ်း ဆိုင်းအမှတ်အသားတွေ ဆွဲတယ်။ ဒါပေမယ့် ရွာက နေနေကြသူတွေက မလိုက်နာကြဘူး။ သွားနေကြ အတိုင်းသွားတယ်။ အဲသည်တော့ တစ်လမ်းသွား လိုက်နာတဲ့ကားတွေ၊ မလိုက်နာဘဲ အရင်လို မောင်းနေကြသူတွေနဲ့ ပိတ်ဆို့။
အိမ်တွေက Homestay လို အိမ်ကိုပြင်ဆင်၊ တည်းခိုဖို့တွေ လုပ်လာတယ်။ ရွာက အိမ်တော်တော်များများက ဈေးဆိုင် တွေ ဖွင့်ကြတယ်။
ရွာသားတော်တော်များများက ဈေးသည်တွေ ဖြစ်လာကြတယ်။ ရောင်းတာကတော့ လွယ်လွယ်စားဖို့ ဆိုရင် ကောက်ညှင်းနဲ့ ဝက်သားကင်၊ ဈေးရောင်းတာတော့ မြန်မာပြည်က လာတဲ့ သနပ်ခါး၊ မြေပဲယိုလိပ်၊ ထဘီ အထည်တွေ၊ ဧည့်သည်လက်ဆောင် ဝယ်ချင်ဖွယ် ပစ္စည်းတွေ။ အဲသည်တော့ ဈေးတွေ တက်လာတယ်။ အရင်က ကောက်ညှင်းပေါင်းတစ်ပုံ ၁၀ ဘတ်ဆိုရင် များသား၊ အခုက ဘတ် ၂၀ ဖြစ်၊ အပုံက သေးသွားတယ်။ အိမ်တွေက အိမ်ရှေ့ အဖီချ၊ ဆိုင်ဖွင့်ကြတော့ ညနေပိုင်း ဆိုင်သိမ်းတဲ့ အချိန်ဆိုရင် အိမ်တွေက ပွဲရုံ ဇာတ်ရုံကြီးလို၊ ပလတ်စတစ် ယာယီ အမိုးအကာတွေနဲ့ ရုပ်ဆိုးနေတယ်။ မတော်တဆ မီးဘေးလာလိုက်လို့ကတော့ ကြည့်မကောင်း ဖြစ်မယ်။
နံနက်စောစောဆိုရင် မွန်ဘုန်းကြီးကျောင်းက သံဃာတွေ ဆွမ်းခံကြွလာတတ်တယ်။ အရင်ကတော့ ပုံမှန်ဆွမ်းလောင်း သူတွေပဲ။ အခုတော့ ဈေးကွက်ထွင်သူတွေကြောင့် ရယ်ဒီမိတ် ဆွမ်းလောင်စရာ အထုပ်တွေ ပြင်ဆင်လာကြတယ်။ ဖျော်ရည်ဗူး၊ ခေါက်ဆွဲခြောက်၊ မုန့်.. ဆွမ်း စသည်ဖြင့် ကြည့်ကောင်းအောင် ပြင်ဆင်ပြီး ၉၉ ဘတ် စသည်ဖြင့် ရောင်းကြတယ်။ အရင်းက တစ်ဝက်လောက်ပဲရှိမယ်။ ဒီမှာတင် ပြဿနာတစ်ခုကလာပြန်တယ်။ အမြတ်ကများတော့ ဆွမ်းလောင်းသူချင်း နေရာလုတယ်။ ရန်ဖြစ်တယ်။ တစ်ခါ သံဃာချင်းလည်း ထိုးကြိတ်တာတွေ ကြားရတယ်။ ဆွမ်းလောင်းလိုသူများတော့ သံဃာတွေလည်း အချိန်ပိုဆင်းကြရတယ်။ ဆွမ်းခံ ၂-၃ ကျော့ လှည့်ကြရတယ်။ နေ့ဆွမ်း နောက်ကျတာတွေ ဖြစ်။ တစ်ခါ လောင်းလှူတဲ့ပစ္စည်းတွေက တကယ်စားစရာ ဆွမ်း၊ ဟင်းမဟုတ်၊ မုန့်ပဲသွားရေစာတွေ ဖြစ်နေတော့ တစ်ကယ်ဆွမ်းဟင်းအရေး ထပ်စီမံရပြန်တယ်။ အအေးဗူးတွေ၊ သွားရေစာတွေ Recycle ပြန်လှည့်တာမျိုး လည်း ရှိနိုင်တာပေါ့။
နောက်မှ ဆက်ဦးမယ်။


1 comment:
စာတွေဆက်ရေးပါအုံး..ကျနော့်ရဲ့ facebookမှာရှယ်လိုက်တယ်..
Post a Comment