Pages

Sunday, February 25, 2018

မထူးဇာတ်

ပလူကောင်လေးတွေလိုပေါ့
ပေါက်လဲပန်းတွေ အုပ်ဖွဲ့ပျံသန်းလာပြီး
တပွင့်ပြီးတပွင့် လှလှပပ ထိုးချ…  
သူတို့ဘဝတွေက တိုတောင်းလှတာ။


ရုပ်ရှင်တကားက
ဘဝကို ပြီးစလွယ်ရိုက်ပြတယ်
တွေ့ကြုံဆုံကွဲ ဖော်ဖြူလာနဲ့
ကံဇာတ်ဆရာက ခပ်ညံ့ညံ့ရယ်ပါ
မျက်ရည်ချူချင်တဲ့ ဇာတ်ကားလား..
ဆေးခါးကြီးနဲ့ လေရူးထဲ ဆန့်ငင်ဆန့်ငင်။

ခွေးများလို လျှာတန်းလန်းနဲ့
မြို့ပြထဲ ငါ လမ်းသလားပြီး ထွက်လာ
ယပ်တောင်တခုလောက် ကမ်းပ…
နွေရောက်ပါပြီ။

ငါတို့လိပ်ပြာတောင်ပံတွေ ဖြတ်ခံထားရ
မနက်ခင်းဆီ မဖြတ်မပျံနိုင်တော့ဘူး
လမ်းပျောက်နေတော့လည်း
ဒီပြူတင်းပေါက်ကို
ဖွင့်ထားတာနဲ့
မဖွင့်ထားတာဟာ
ဒီနွေဦးအတွက် မထူးတော့ပါဘူး။  

ငါ့ဘဝ ခြောက်သွေ့နေပုံများ
ရော်ရွက်တွေလို မာခေါက်ခေါက်  
စိတ်နောက်ကို ကိုယ်ကမပါနိုင်တော့
အပြေးကလေးထွက်သွားတဲ့ စိတ်ကို
ကိုယ်က ဆွေးဆွေးမြေ့မြေ့ကြည့်….

နေကာမျက်မှန်တလက်တော့ ရှိရဲ့…
ငါ့မျက်လုံးတွေနဲ့ ခံစားချက်တွေကို
ဖုံးကွယ်ပေးပါလိမ့်မယ်…။

ယောဟန်အောင်
ဖေ ၂၅၊ ၂၀၁၈

No comments:

Recent Comments