Pages

Sunday, September 17, 2017

စာအိပ်ဖွင့်သူ (The Mail Cutter)

ရေခဲတွေ စ, မပျော်သေးဘူး 
ဘယ်သင်္ဘောမှလည်း မခွာနိုင်သေး
ဒါပေမယ့် စာတွေက စာတိုက်မှာ
သူတို့ တောင်းဆိုချက်၊ ညွှန်ကြားချက်တွေနဲ့ စုပုံနေပြီ။

တချို့စာများက ပို့ဖို့ကြိုးပမ်းပေမယ့် အချည်းနှီး
တံငါများရဲ့ လက်ရေးသော့သော့တွေနဲ့
အပြစ်တင်စာ၊ တိုင်ကြားစာ၊ ငိုကြွေးစာများ
ခွတီးခွကျ အချစ်အကြောင်း ဝန်ခံစာများ။

မျှော်လင့်ချက်မဲ့လို့ စွတ်ဖားဆွဲခွေးက ပင်လယ်ပြင်ကို ငေးတယ်
မှောက်လဲနေတဲ့ လှေများရဲ့ အောက်ခြေတွေမှာ
မီးခိုးရောင် တောင်ပူစာများ လဲလျောင်းနေသလို
နှင်းမှုန်တွေကြားထဲက လှိုင်းလုံးတွေကို ရှာတယ်။

ဒါပေမယ့်၊ တစ္ဆေတကောင်လို ငြီးငွေ့ဖွယ် ထပ်တလဲလဲဖြစ်မှုများ ထဲက
အိပ်မက် မက်ရသလို၊ 
ရေခဲဖုံးနေတဲ့ စာပို့သင်္ဘောက
အိုဟောင်းနေတဲ့ ရွက်တိုင်များကိုပဲ ပြတယ်။

သင်္ဘောက ကျိုးကြေ၊ ညစ်ပေလို့
ဒီတံငါရွာအဖို့တော့
သူမရဲ့ အအေးနဲ့တုန်ယင်၊ ခပ်အက်အက် အသံက
အချိုဆုံး ဂီတလိုပဲ။

ပူဆွေးမှုန်မှိုင်းနေတဲ့ သင်္ဘောသားများက၊ ကမ်းခြေကို
ကူညီကယ်မဖို့ ကြိုးပမ်းတယ်၊ ဗိုက်ကင်းများလို 
တိတ်ဆိတ်၊ ကျွမ်းကျင်စွာ
လူအများရဲ့ ဝိညာဉ်တွေပြည့်နေတဲ့ ကင်းဗတ်အိပ်တွေကို သယ်သွားခဲ့။

သင်္ဘောက နောက်တကြိမ် ပင်ပန်းကြီးစွာ ထွက်သွားခဲ့တယ်
သင်္ဘောဦးက ရေခဲတွေကို ခက်ခက်ခဲခဲ ထိုးခွဲလို့
ငါက အိပ်ပုံကြား စိမ့်စိုအေးစက်တဲ့ ဝမ်းထဲ
ထိုင်နေခဲ့တယ်။ 

ပင်ပန်းကြီးစွာ၊ ဂနာမငြိမ်တဲ့ ငါ့ရဲ့အသိဉာဏ်နဲ့
အဖြေတခုကို ရှာနေမိ။
'ငါက ဘာကောင်လဲ၊ အမှန်ဆိုရင်
ငါ ဘယ်ကိုသွားနေတာလဲ '

ငါက ပြိုယဲ့ယဲ့ သင်္ဘောတစင်းလို ဖြစ်နိုင်သလား၊
ရေလှိုင်းများလို၊ ငါ့ရဲ့ စိတ်အားတက်ကြွမှုတွေက ငါ့ကို လူးလိမ့်
ခတ်တင်မှာလား။ ဒါပေမယ့် ငါ့ရဲ့အတွင်းအသံကတော့
ဖြေတယ်။ 'မင်းက စာပို့သင်္ဘောမဟုတ်ပါဘူး' တဲ့။

ရေခဲထူထဲတဲ့၊ ဒေါသထန်နေတဲ့ လှိုင်းလုံးတွေကြား
အမြန်ခုတ်ရင်း၊ အဲဒီ လူအားလုံးဆီကို
ရေခဲတွေနဲ့ ခွဲခြားခံနေရတဲ့ သူတွေဆီကို၊
နောက်တဖန် ပြန်ဆက်သွယ်မှုရဖို့ စောင့်မျှော်နေကြသူတွေဆီကို။

လူများက စောင့်မျှော်ရတာ သိပ်ကြာလွန်းတဲ့
လှေရဲ့ ပထမပထမ သင်္ကေတလို
ငါတို့ကို အတူတကွ ချိတ်ဆက်ထားကြ
မဆုံးနိုင်တဲ့ တာဝန်တွေရဲ့ အလင်းပြရာဆီ ချီတက်လို့။

ဘဝရဲ့ အာတိတ်ပင်လယ်ရေမြှုပ်များ တလျောက်
ရေခဲတွေ ဖြတ်လို့၊ လေစီးကြောင်း အမျိုးမျိုးကို ဆန်လို့
မျှော်လင့်ချက်ကင်းမဲ့မှုများ နဲ့ မျှော်လင့်ချက်များပါ
ဒီစာအိပ်ထုပ်များ သယ်ဆောင်ရင်းပေါ့။

ကြည့်နေပါ။ မင်းက ဝီစီကို ကိုင်ထားရင်း
မုန်တိုင်းတွေ ပြေသွားတာနဲ့
မီးသင်္ဘောများ၊ တကယ့် သင်္ဘောများက
မကြောက်မရွံ့ဘဲ ဒီရေကို ဖြတ်လို့လာကြလိမ့်မယ်။

ပြီးတော့ တံငါများက ကုန်းဘောင်ပေါ်မှာ ရပ်နေကြပြီး
သူတို့ကို တလေးတစား ကြည့်ကြမယ်။
သူတို့ရဲ့ တောက်ပြောင်နေတဲ့၊ ကတီပါရောင်ထနေတဲ့ ဝီစီများက
မင်းရဲ့ ခပ်အက်အက်အသံကို မေ့သွားအောင် လုပ်ကြလိမ့်မယ်။

မင်းက ငါးနံ့ ငါးဆီနံ့တွေနဲ့ ညှီစော်နံနေပေမယ့်
ဆိုင်းကြိုးတွေကို ညှိုးညှိုးငယ်ငယ် ချမနေပါနဲ့။
မင်းက အလုပ်တွေကို အချိန်မီ ပြီးခဲ့တယ်
ပြီးတဲ့နောက် ပျော်လိုက်ပေါ့။ မင်းက စာအိပ်ဖွင့်သူပါပဲ။

ဒါကြောင့် င့ါအတွင်းအသံက ငါ့ကိုပြောနေတယ်
ငါ့ ရှေ့ဖြစ်ဟောကိန်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေအပေါ် လေးစားလို့၊
အာတိတ်သမုဒ္ဒရာရဲ့ အဖြူရောင်ညများထဲမှာ 
ဘာပဲဖြစ်ဖြစ် ငါ့အတွက် မနက်ခင်းတွေအားလုံး ဖြစ်နေရတာပေါ့။

ငါ ဂုဏ်သိက္ခာများ ဖုံးထားတဲ့ တစုံတဦးအပေါ်
မလိုတမာလည်း မတွေးခဲ့ပါဘူး။
ငါ့အပေါ် မှီခိုနေကြသူများအပေါ် ကိစ္စအနည်းငယ်လောက်အတွက်
ရိုးရိုးသားသား ပျော်ရွှင်နေသူပါ။

တစုံတဦးရဲ့ သားမွေးကုတ်ခြုံလို့
ငါက သိပ်မှီခိုလွန်းခဲ့တယ်
ဗန်ကာ ဇူကော့ဖ် (Vanka Zhukov)* ဆီက စာလိုပဲ
တခြားစာတွေအပုံပေါ်မှာ ငါ ငိုက်မျဉ်းနေခဲ့တယ်။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၃ ခုနှစ်။
Translated by Tina Tupikina-Glaessner, Geoffrey Dutton, and Igor Mezhakoff-Koriakin 


* ရုရှစာရေးဆရာ အန်တွန်ချက်ကော့ဖ် (Anton Chekhov) ရေးသားသည့် ဝတ္ထုထဲက ၉-နှစ်အရွယ် ကလေး၏အမည်ဖြစ် သည်။ သူက ဖိနပ်ချုပ်ဆရာထံတွင် အလုပ်သင်ရင်း၊ အဖေ အမေမရှိသည့် သူ့အဖို့ အဖိုးထံသို့ ခရစ္စမတ်ဆုမွန်တောင်း ကြောင်းနှင့် သူ၏ ခွေးထက်ဆိုးရွားလှသော ဘဝ၊ ငတ်မွတ်ဆာလောင်နေရပြီး အမြဲရိုက်ခံနေရသော ဘဝမှ အမြန် လာ ရောက်ခေါ်ယူပါရန် စိတ်ကူးယဉ် စာရေးသည့်ကလေး ဖြစ်သည်။ လိပ်စာမသိသည့်စာကို စာတိုက်ပုံးထဲထည့်ပြီး အိပ်မက် မက် အိပ်ပျော်သွားသည့် ကလေးငယ်အကြောင်း ဖြစ်သည်။ 

No comments:

Recent Comments