Pages

Sunday, September 17, 2017

နီရူဒါသို့ပေးစာ (Epistle to Neruda)

မြင့်လှ
သဘာရင့် ခြင်္သေ့တကောင်လို
နီရူဒါက ဆိုင်က ပေါင်မုန့်ဝယ်ခဲ့တယ်။

သူက ဒါကို စက္ကူနဲ့ထုပ်ခိုင်းတယ်
ပြီးတော့ ခပ်တည်တည် ချိုင်းကြားညှပ်လို့
"ထားပါ၊ တယောက်ယောက်က
တခါတလေ အနည်းဆုံး
ငါစာအုပ်တအုပ် ဝယ်လာတယ် ထင်ပါစေ …"

သူက ရိုမန်တယောက်လို လက်ပြနှုတ်ဆက်
နန်းဆန်ဆန် အိပ်မက်ပုံမျိုး၊
လေထဲမှာတော့ ပက်ကျိ၊
ခရုများ၊
ထမင်းများ အနံ့တွေနဲ့၊
အဲဒီပေါင်မုန့်နဲ့ပဲ ဗယ်လ်ပါရိုင်ဆို (Valparaiso)* ကို ဖြတ်လျှောက်သွားတယ်။
 
သူပြောတယ်၊
"လူကြီးမင်းတို့၊ ကြည့်စမ်းပ၊
အဲဒီမှာ
မင်းတွေ့လိမ့်မယ်၊ ဗွက်အိုင်တွေ အမှိုက်ပုံတွေ အလယ်မှာ
အနီရောင် မီးတိုင်အောက် ရပ်နေတာ၊
ဘီလ်ဘောင်း (Bilbao)** ရပ်နေစမ်းပါ၊ ကဗျာဆရာတဦးရဲ့
ကြေးနီမောင်း ဝိညာဉ်စိတ်ဓာတ်နဲ့။

ဘီလ်ဘောင်း (Bilbao) က တေလေ၊ သူပုန်တယောက်ပဲ။
မူလက
သူတို့က ရုပ်ထုထူတယ်၊ သံကြိုးတွေနဲ့ ခြံကာတယ်။
ကဗျာဆရာက ပျံကျရပ်ကွက်များမှာနေပေမယ့်
အလယ်ဗဟိုချက်မမှာ ရုပ်ပြဖို့ လုပ်တယ်။ 

အဲဒီမှာ နောက်တော့ ခပ်ကျဉ်းကျဉ်းဖြုတ်ပွဲ ထုတ်ပွဲတွေ ဖြစ်လာတော့
ကဗျာဆရာကို ဂိတ်ပေါက်အပြင်ဖက် ဖယ်ပစ်ကြပြန်တယ်။ 
ချွေးတရွှဲရွှဲနဲ့
ပန်းပုရုပ် အောက်ခံခုံကို
သူတို့က ဖယ်ရှားပြီး
ညှီစော် မီးနီရောင်ရပ်ကွက် ပို့ပစ်ကြပြန်တယ်။

ကဗျာဆရာက သင်္ဘောသားရဲ့
မွေးစားညီအစ်ကိုလို ရပ်ခဲ့တယ်၊
မင်းတို့က သူ့ဇာတိလို့ ခေါ်ဆိုကြမယ့်
နောက်ခံကို ဆန့်ကျင်ကျောပေးခဲ့လေတယ်။
ငါတို့ရဲ့ ဘီလ်ဘောင်း (Bilbao) က ရယ်ပွဲဖွဲ့ရတဲ့ ဟာသတွေကို ချစ်တယ်။

သူပြောလိမ့်မယ်၊
 'အဖြစ်နိုင်ဆုံး ဂြိုဟ်ကမ္ဘာများထဲက အကောင်းဆုံးမှာ
ဖာသည်တွေရှိတယ်၊ နိုင်ငံရေးဖာတွေ ရှိတယ်၊
ငါက ကဗျာဆရာတယောက်ဖြစ်တဲ့အတွက်
ငါကတော့ ဖြစ်ချင်းဖြစ် ပထမဟာပဲ ဖြစ်ချင်တယ်' တဲ့။  

နီရူဒါက ပါးပါးနပ်နပ် မှတ်ချက်ပေးတယ်။
"ကဗျာဆရာ တယောက်ဆိုတာ
တန်ဖိုးထားမှုများရဲ့ အတက်-အကျ ပြင်ပမှာ ရှိတယ်
ငါတို့ကို အလယ်ဗဟိုက ဖယ်ဖို့ဆိုတာ မခက်ပါဘူး
ဒါပေမယ့် သူတို့နေရာချတဲ့ အစက်အပြောက်ဆိုတာ
ဗဟိုချက်မ ဖြစ်လာတာပဲ၊ "
အဲဒီ မွန်းလွဲကို ငါအမှတ်ရနေတယ်။
ပါဘလို၊
ငါ့ ထရန်စစ္စတာရေဒီယိုကို ပြူတင်းနား ဖွင့်လိုင်းရှာတော့
အခုပဲ
ချီလီပြည်သူတွေနဲ့ ကောက်ကျစ်တဲ့ စစ်ပွဲက
စပိန်ရဲ့ အနံ့အသက်တွေကို ပြန်ယူဆောင်လာခဲ့တယ်။

အသစ်သောဖြုတ်ချမှုတွေနဲ့ ကစားလို့
ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းနဲ့ နိုင်ငံရေးဖာသည်များက
သူတို့ အငမ်းမရ ရနိုင်သမျှ
မင်းကဗျာများကို မြင်ကွင်းက ဖယ်ဖျောက်နေကြတယ်။

ဒါပေမယ့် ဒီနေ့ ငါ နီရူဒါကို တွေ့တယ်၊
သူက မဇ္ဈိမလမ်းက အမြဲမှန်လို့
ပြီးတော့၊ မယိုင်မလဲ
သူ့ကဗျာတွေကို ပြည်သူတွေကို ဆောင်ကျဉ်းခဲ့တယ်
ရိုးရှင်းစွာ၊ တည်ငြိမ်စွာ
ပေါင်မုန့်တလုံးလို။

ကဗျာဆရာအများက လမ်းမှားလျှောက်မိကြတယ်။
ဒါပေမယ့် ကဗျာဆရာက ပြည်သူနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ လမ်းဆုံးကို လျှောက်ရင်
အသိဉာဏ် ဆင်ခြင်တုံတရားလိုပဲ
ကဗျာကို
ဘယ်အရာမှ ချေမှုန်းနိုင်ခြေ မရှိဘူး။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို
၁၉၇၃ ခုနှစ်။
Translated by Arthur Boyars amd Simon Franklin

* Valparaiso ချီလီနိုင်ငံမှ ဒုတိယအကြီးဆုံး ဆိပ်ကမ်း၊ စီးပွားရေးမြို့တော်
** Francisco Bilbao Barquín (၁၈၂၃-၁၈၆၅) - ချီလီစာရေးဆရာ၊ သဘောတရားရေး ပညာရှင်နှင့် လစ်ဘရယ် နိုင်ငံရေး သမား။ 

No comments:

Recent Comments