Pages

Friday, July 14, 2017

No Title

ပန်းချီကားတွေဆွဲ
နောက်ဖေးလမ်းကြားမှာ ဥယျာဉ်ဖွင့်ပွဲ လုပ်တဲ့ခေတ်။
မူးလာရင် ဖေ့ဘုတ်ပေါ် အော်ဆဲ
ဒါလည်း 'ဆယ်လီ' ဖြစ်တဲ့ခေတ်။

တစောင်းစေးနဲ့ မျက်ချေးတို့ လက်ဆွဲနှုတ်ဆက်ကြ
ဖားတစ်ပိုင်းနဲ့ ငါးတပိုင်းတို့ ပေါင်းကြပြီနော်
နှင်းခဲပျော်ပြီဆိုတော့ ငါတို့က အပျော်ကြူးကြ
စပ်ကြား'အဟ'ဟာ "အဖွင့်၊ အကူး၊ အခိုင်" လား
'အာဠာဝက' က အစည်းအဝေးမှာ
ခပ်တည်တည် ဝင်ထိုင်နေတာလည်းမြင်ရ။

အဝိုင်းမရှိတော့ဘူး
အဝိုင်းခေါ်တုန်း
နာရီစင်က ဘယ်ခေတ်က ရှိမှန်းမသိ
နာရီစင်မှတ်တိုင်ခေါ်တုန်း
အသင်းတိုက်တဲ့
ဘာအသင်းတိုက်မှ မရှိတော့ဘူး
အဲသည်အဖွဲ့ကလည်း 'ဒီမိုကရေစီ' ခေါ်တုန်း။

'မဟာဘုတ်' စာအုပ်လောက်လေးနဲ့
ဆရာလုပ်စားနေတာပါ
'တည်၊ ထွက်၊ ပျက်'
ဇနက္ကပျက်ကိန်းလို ပတ်ချာလှည့်။

ခက်နေတာက
ငါ့ကိုယ်ငါ ဇက်ကြိုး ပြန်ပြန်ဆွဲရတယ်
အပါးမစုံသေးဘူး၊
ဇာတ်ခုံပေါ် မတက်ချင်ပါနဲ့
ဇာတ်ခုံပေါ် မတက်ချင်ပါနဲ့။

ဖဲဝိုင်းထဲမှာ ပိုက်ဆံမရှိတော့ဘူး
ဖဲဝိုင်းထဲမှာ ပိုက်ဆံမရှိတော့ဘူး
လိုက်ရဲဖို့ထက် ပြေးရဲဖို့လုပ်တော့ 
စကားတခွန်းနဲ့ ဝိုင်းသိမ်းလိုက်တယ်။

ယောဟန်အောင်
ဇူလိုင် ၁၄၊ ၂၀၁၇

No comments:

Recent Comments