လေမှာ
လွင့်ပါးသွားမယ်၊
အနားများဖွာကျံ
အသစ်ပြန်မဖြစ်ဘူး
မထူးဘူးလေ။
<၁>
သေမယ်ပေါ့
<ရူးရူးမိုက်မိုက်>
နံရံကို ခေါင်းနဲ့တိုက်တယ်
ဘဝကို ခေါင်းနဲ့တိုက်တယ်
လူမိုက်တွေမှာ
တခါတရံ၊ သံကြိုးတွေ
ခြေတွေ လှုပ်မရ
လက်တွေ လှုပ်မရ
ခေါင်းပဲလှုပ်ရ
ခေါင်းပဲ အသုံးချပေါ့။
ဘဝဟာ
လောင်းကစားပွဲ
ပုံအောရဲခဲ့
အသည်းကို အသည်းနဲ့လိုက်တယ်
ဘဝကိုလည်း ကြေးထပ်လိုက်တယ်
လေအတိုက်မှာ
<မိုက်ကန်းစွာ>
ထူးဆန်းတာရှာဖို့
ဆန္ဒတွေ စုပြုံပျို့အန်
<မေမေ>
ရယ်သံတချို့ ငန်ကျိခဲ့။
အသံမရှိညမှာ
မပျော်ကြဘူး
ရေစုန်ကူးဘဝ
ပုံတူကူးချ၊ မနေချင်ကြ
သား သွားရမယ်
ရှာဖွေမယ်ပေါ့ ဘ၀ ဘဝ..
ရှင်သန်နေခြင်း ရသ... ရသ။
ရွှေရောင်တောင်ပံ
ရင်ခုန်သံ မျှော်လင့်ချက်
မနက်ဖြန် ကဗျာ။
အဆွေးလှိုင်းများ
တိုက်စားပတ်ခွေ၊ ဝေရီညခင်း
သီချင်း ခွေသံတုန်
အိပ်မက်မှုန်မှုန်မှာ
ငါ... ဘာလိုအပ်သလဲ
ဘဝကို လိုအပ်သလဲ
အသံတွေလည်း၊ ကွဲရှသည်ထိ
အော်ဟစ်မိတယ်၊
ရင်ခုန်နှုန်းမြန်လာ
နိမ့် မြင့် သံ သာ
သူမရှိရာကို ညွှန်တယ်။
ကဗျာတွေလည်း မဖတ်တော့ဘူး။
စာတွေလည်း မဖတ်တော့ဘူး။
<စိတ်ကူးယဉ်တဲ့ဟာတွေ>
လူးလူး လိမ့်လိမ့်
ယစ်မူး အီဆိမ့်စေမှုက
အသုံးမကျ အတွေးများ ဝင်လာပြီး
ကြီးမြတ်တဲ့ အချစ်ကို
သေးသွားစေတယ်။
ကလေးကစားစရာ လုပ်ပစ်တယ်
အပြာရောင် သုတ်ပစ်တယ်၊
<ယုတ်ညစ်အောင်ပေါ့>
ဒီအခါမှာ
ငါ့အတွက် ပြာဖြစ်စေမယ့် အက်ဆစ်
သရဲသဘက် အဖြစ်ပဲ
အချစ်ကို ထင်ခဲ့၊
မတို့ထိ အရောမဝင်ခဲ့
ရက်များစွာ နာကျဉ်မှုအတွက်
ခိုနားစရာတကွက်
ပျောက်ကွယ် ရက်စက်ခံခဲ့ရ။
<၂>
လူတယောက်
လျှောက်လှမ်းရာ
ခြေသွားလမ်းမှာ
"လူ" ဟာ ပီပြင်ဖို့၊ သွေးစို့ခံရ
နာကျဉ်ဒဏ်ဖြစ်၊ ရေနှစ်ခံရ
ရည်ရွယ်ချက်ဟာ
ရွက်လို ဖွာလန်
တောင်ပံတွေ မပျံနိုင်တဲ့အထိ
သုတိသာယာ
ဘ၀ မလာခဲ့ဘူး။
အမှောင်ညဦးမှာ
ကူးလူးပြီး လှုပ်ရှား
လင်းနို့များ ပမာ
နေ့ကို မသာယာ
ညမှာ အိပ်ပျက်
ပန်းတိုင်လေးအတွက်
ပြေးထွက် ပေးဆက်မှု
သွေးစက်အစုကိုတောင်
ရှောင်လွှဲခဲ့
ရက်စက်ချည်ရဲ့။
တောင်ပံလှုပ်ရှား
နေ့၊ ည၊ ကာလများ
သွေးအားဖျော့လျခဲ့
အရိပ်မဲ့သူအတွက် တွယ်ညိရာ
အချစ် ဘယ်မှာလဲ
အချစ် ဘယ်မှာလဲ
အချစ် ဘယ်မှာလဲ။
အချစ်ဟာ သဘာ၀ လည်ပတ်ရေး လောင်စာ
ညအမှောင်မှာ အလင်း
ခရီးပြင်းအတွက် လေအား
ဆဲလ်သစ်များ ပွားဖို့
အရှုံးများ နှစ်သိမ့်ဖို့
မောလျသူ ခိုဝင်အိပ်ဖို့
ကိုယ့်ကိုပေးပါ။
ကိုယ်
ငိုမယ်
ရီမယ်
ယဉ်ကျေးမယ်
ငွေကုန်ခံမယ်
အစော်ကားခံမယ်
ပြီးတော့ အသက်ကိုတောင်
ပေါင်နှံမယ်။
ညတွေမှာ
လေမဲ့
တိတ်ဆိတ်မှုရဲ့ တန်ပြန်စားသုံးခြင်းမှာ
စာအုပ်တွေ လှန်ရင်း
မုတ်ဆိတ်နှုတ်ရင်း
ချွေးထွက် ပြန်သုတ်
မအိပ်ချင်လည်း ငုတ်တုတ် တိတ်ဆိတ်
ဘာ အဓိပ္ပါယ် တစိုးတစိ
မရှိခဲ့ဘူး <ရူးသွပ်သူလို>။
ကဏှာမငြိမ်
မျက်လုံးအိမ်က ဆာလောင်
အာခေါင် ခြောက်ကပ်
စိတ်ဓာတ်တေလေတွေက
ညရဲ့ ဘာမျှ မရှိမှုထဲ
ဆဲဆိုလိုက်
ဖဲရိုက်လိုက်
အမိုက်အမဲဆုံး ဆုအဖြစ်
အချစ်ကို ထပ်တလဲလဲ တောင်းခဲ့။
လရည်ပက်ဖျန်းတဲ့ မြစ်ကမ်းမှာ
ငါ မထိုင်ခဲ့ဖူးဘူး
ရင်အုံ ပွင့်မလောက်
တခေါက်မှ စိတ် မလှုပ်ရှားဖူးဘူး
တဖက်ကမ်းပါး
မသွားဖူးဘူး
အခုမှ ထူးဆန်းစွာ
ရောဂါ ဖြစ်ပေါ်လာခဲ့
အသက် <၂၂> နှစ်မှာ။
ပျောက်ချက်သားကောင်းတယ်
ကြယ်တံခွန်ဟာ
တသက်တခါသာ ပေါ်လာ
တခဏ
ဖြာလင်းတာမျိုးမို့
တေးသံတိုးမှာ စိုးမိရဲ့။
အဆုပ်ကို အားစိုက်လို့
အသံနက်မိုက်များနဲ့
အချစ်ကို ဖျားယောင်းတယ်
"ကြယ်... မကြွေနဲ့"
မြေအသက်မှာ ပြေးလိုက်သွားရင်း
နံမည်ကို အတင်းခေါ်ငင်
ရှင်သန်ထမြောက်မှုများ
ခေါ်နေသံ ကြားသလား
မင်းဘယ်မှာလဲ။
ခေါ်နေသံ ကြားသလား
မင်းဘယ်မှာလဲ။
<၃>
သီချင်းတပုဒ်ကို
သံစဉ် အတင်းထုတ်ညှိ
မိုးရွာပြီးသည့် ရွှေညနေ
ခဏနေရီရီမှာ
တည်နေရာအတွက် သူမ
ကိုယ် ပြဌာန်းခဲ့ပြီ။
သူမမှာ
ထည်ဝါသော စိတ်ကူး
အနာဂတ် အိပ်မက်ထူး
ပူးကပ် ရှိနိုင်ရဲ့။
သူမဟာ
ဂွတ်ဟုတ်ကျောက်ဖျာမှာ
တေးသီချင်မှာ ကိုယ်သိပါရဲ့။
ကိုယ်ကြိုးစားမယ်
သဘောထားကြီးမယ်
လူကြီးဆန်လာမယ်
ငဲ့ညှာမယ်
ချို့ယွင်းတာကို လျစ်လျူရှုမယ်။
သူမဆံစံမှာ
လှုပ်ဖွ လွင့်မျော၊ မွှေးသောပန်းပွင့်
ဖြစ်ခွင့်ပေး။
ဝေးတဲ့အခါမှာ လွမ်း
ကျန်းမာရေးကို ကရုစိုက်ပါ။
လှိုက်လှဲလာတဲ့အခါ
သွေးများ တူးခမ်းပြာနှမ်းအောင်
ရူးအောင် မူးအောင် ကိုယ့်ကိုနမ်း
နမ်းစမ်းပါ အချစ်။
ခေတ်ကြီးအကြောင်း
ကိုယ်တို့ မကောင်းမပြောကြဘူး
ကျေးဇူးတင်မယ်
လောကကြီးကို ကယ်တင်မယ်
<စိတ်ကူးယဉ်စွာ>
အရာရာအတွက် အချစ်
အချစ်အတွက် အရာရာ
လိပ်ပြာပမာ
တောင်ပံမှာ ပိုးအိမ်ညိ
ရိပဲ့ကြွေကျ
ဘဝကို စွန့်ရဲခဲ့
အသည်း သက်သေပြ။
သူမဟာ
နတ်သမီး တပါးပဲ
ကိုယ့်အသည်း အရူးအမူးစွဲပေါ့။
သူမဟာ
စိတ်ကူးယဉ်ခြင်းပညာကို
စည်ပင် ဖွံ့ဖြိုးလာစေခဲ့။
မာယာများဟာ
အလိုလို ဖြာကျအုပ်မိုး
<တန်ခိုးတမျိုးလိုပေါ့>
ဆော့ကစားနည်းမှာ
နာကျဉ် အော်ညည်း၊ ရည်းစားတချို့။
ဒါနဲ့တောင်
ချစ်မိခဲ့
ချစ်မိခဲ့ရဲ့။
သူမကို ကြည့်နေစဉ်
ကြိုက်ချင်သလိုလို ဖြစ်လာ
တံခါးရွက်များ တုန်ခါရင်း
နတ်သွင်းသလို ဖြစ်မိ
အစွဲကြီး ချစ်မိပါပေါ့။
<၄>
ကိုယ်ဟာ
ကောင်းကင်ပြာထဲ
စွန်လွှတ်ပွဲမှာ၊ ဖြတ်ပဲခံရ
တခါမှ အနိုင်မရှိ
ဒါပေသိ
ရည်ရွယ်ချက် အပြည့်။
ရင်မှာထုဆစ်
ပျိုမြစ်မှု ကြွက်သားရုပ်များနဲ့
စာများ ကျက်ခဲ့
ကျူရှင်များတက်ခဲ့
သုတစွယ်စုံ ဖတ်ခဲ့
လမ်းစဉ်လူငယ် လုပ်ခဲ့
အချစ်ရဲ့အကြောင်း
အပ်ခေါင်းတစိ
မထိတွေ့ခဲ့။
လူပျိုတဦးအတွက်
ဘာရက်တွေ ကြုံမလဲ။
ခွဲဝေငှရန် ကြည်နူးမှု
မျက်ရည်ကျရန် ဆူးတခု
လွမ်းမှုရေးရာ၊ စာပြန် စာဖတ်
အနာဂတ် ခရီးရှည်ဟာ
သူမ အနားမှာပဲရှိ ၊ မြင်
ကြင်နာသူတယောက် အရည်အချင်း
တင်းပြည့်ပေရဲ့။
မီးကို တို့ထိ
စမ်းသပ်ကြည့်သူ
ကမ္ဘာဦး လူများကို
လေးစားလာ
အချစ်စာကို တီထွင်ခဲ့
ပြီး
ရင်ခွင်ဖွဲ့ တပုဒ်ဟာ
မှားယွင်းပေါက်ကွဲ
ပွဲကြည့်သူများ လက်ခုပ်တီးကြ
လူငယ်တဦး ဘဝ
၂၂-အစ စုတ်ပြတ်ခဲ့ရပေါ့။
<၅>
<သူမပေါ့>
ပေါ့ပေါ့ဆဆ
အမုန်းများ ပြစ်ကနဲထွေးချ
လက်သည်းစများ စူးရှခဲ့
နံရံတွေ ပြိုပဲ့ကျ
နားဝလေတွေ ထွက်လာတယ်။
သူတို့ဟာ
ကိုယ့်ကို
မောင်းထုတ်ခဲ့ကြ
ကလေကဝ
အန္ဓ
အပမာနတွေပဲ ကြဲချ
စူးကွဲပွန်းရှ၊ သွေးစနီကျင်
ရင်ထဲ မီးများလောင်ပေါ့။
သား အနာဂတ်ဟာ
မှန်တချပ်လို ကွဲရှပေါ့
အချစ်များလည်း
လှိုင်းထဲ လွင့်မျော
ရယ်သံသောသော ညံခဲ့
ဧည့်ခံပွဲ တခုမှာ၊ နာကျဉ်အက်ကွဲ
အသည်းများ စားသုံးခံလိုက်ရ
ဘာမှ မကျန်တဲ့အထိ
သူပီတိဖြစ်
ကျေနပ်
သူမ ပါးစပ်နဲ့ စားသမို့ပေါ့။
အလွမ်းဖွဲ့မို့
နှင်းစို့စည
ခံစားမှုကို ပင်လယ်လို ထကြွစေတယ်
အလွမ်းထဲ ကူးခတ်
မရပ်မနား
အတင်းအဖျင်း သတင်းများက
မီးထတောက်အောင် ပွတ်တိုက်
ညမှောင်မိုက်သွား လမ်းတလျှောက်
သွေးစက်တို့ ကောက်ကောက်ပါလာ
တခါသာ ကစားဖူးတဲ့
လောင်းပွဲရဲ့ ဘဝကြေးဟာ
ဒါ ပဲ လား
ဒါ ပဲ လား
ဒါ ပဲ လား
သူ နားမလည်ခဲ့။
ခွေးလေတကောင်လို
ငါ့ကို မောင်းထုတ်ခဲ့ကြ
အဲဒီနေရာက ပြေးလာ
လေမှာ ရွက်ဝါတစလို
ဘ၀ ပျက်ပါပေါ့။
တကိုယ်လုံးက သွေးများကို
တအားညှစ်၊ မျက်ရည် ဖြစ်စေ
ပြီးတော့
ငါ အားပါးတရ ငိုကြွေးချ
မီးတောင်၀ ချော်ရည်များလို
ပူလောင်သွား၊ တိုက်စားသွား
ညှော်နံ့များနံ
ငိုသံများလည်း၊ သွေးတွေရဲခဲ့။
အိပ်မက်ဆိုးများ
ရွက်ပိုးထားရင်း
ခရီးပြင်း နှင်မယ်၊
ငါ
တေမယ်၊ လေမယ်
လေအသက်မှာ လွင့်ပါးပွတ်တိုက်
မိုက်မဲမှုနဲ့ ကြွေသွားမယ်
စကားကို မပြောတော့ဘူး
စိတ်ကူး မယဉ်တော့ဘူး
မူးဖို့ ရူးဖို့
နှလုံးသား ကူးတို့ထက်က
ဘဝကို တက်အလာ
မီးလောင်ပြင် ပြာပဲမြင်ရ
လှည့်စားလွန်းလှ
ဒါ... ဘဝပဲပေါ့။
<၆>
တရားခံ မရှာဘူး
စိတ်ကူးထင်ရာ
လေမှာ
လွင့်ပါးသွားမယ်
အသည်းများ ဖွာလံ
အသစ် ပြန်မဖြစ်ဘူး
မထူးတော့။
ယောဟန်အောင်
မေလ ၃၀ ရက်၊ ၁၉၈၇။
No comments:
Post a Comment