
သောတရှင်မိတ်ဆွေများ ခင်ဗျား
ထိုင်း-မြန်မာနယ်စပ်ဒေသ အတော်များများမှာ တောင်ပိုင်းကနေ၊ မြောက် ပိုင်းအထိ ကြီးမားတဲ့အန္တရာယ်တခု ရှိပါတယ်။ အဲဒါကတော့ ငှက်ဖျားရောဂါပါပဲ။ နိုင်ငံတကာ ငှက်ဖျားရောဂါ ဖောင်ဒေးရှင်း (Malaria Foundation International) အဖွဲ့ အရဆိုရင် ငှက်ဖျား ဒေသတွေမှာ ဖြစ်တဲ့ ၂၀ ရာစုစစ်ပွဲတွေမှာ စစ်ပွဲလက်နက်တွေကြောင့် သေဆုံးတာထက်စာရင်၊ ငှက်ဖျား ရောဂါကြောင့် သေဆုံးရတာ ပိုများတယ်လို့ ဖော်ပြပါတယ်။ ငှက်ဖျားရောဂါ ဖြစ်ရတာ ပါရာဆိုက် ပိုးတမျိုး ကြောင့် ဖြစ်ပါတယ်။ ဒီပိုးကို မျက်စေ့နဲ့ မမြင်သာပါဘူး။ အနုကြည့်မှန်ပြောင်းနဲ့သာမှ မြင်ရတာပါ။ ငှက်ဖျား ရောဂါ ဖြစ်စေတဲ့ပိုးတွေ က ထုတ်ပြန်ကြေညာချက်တွေလည်း မလုပ်ပါဘူး။ ဘယ်သူတယောက်ကိုမှလည်း သေနတ်နဲ့ မပစ်ပါဘူး။ နိုင်ငံရေးလည်း မလုပ်ပါဘူး။ အကျိုးအမြတ်အတွက် ရောင်း၊ ၀ယ်တဲ့ကိစ္စတွေလည်း မလုပ်ကြပါဘူး။ သူ့က အမြင်သဘောတရားတွေ လက်ကိုင်ထားတာ မရှိသလို၊ ချစ်ခြင်းမုန်းခြင်းလည်း မရှိပါဘူး။ ဘယ်ဘာသာတရား ကိုးကွယ်တယ်ဆိုတာလည်း ဂရု မစိုက်လှပါဘူး။ ရန်သူ-မိတ်ဆွေမရွေး ဒုက္ခပေးတာ ဖြစ်ပါတယ်။ အခု ဆောင်းပါးကိုတော့ စာရေးသူ ရစ်ချတ်က deadly bites "သေစေလောက်သော ကိုက် ဒဏ်ရာ" ဆိုပြီး နာမည်ပေးထားပါတယ်။
ငှက်ဖျားရောဂါပိုးက အမျိုးမျိုးရှိပါတယ်။ Plasmodium malariae, plasmodium ovale, plasmodium vivax နဲ့ plasmodium falciparum တို့ဆိုပြီး ရှိပါတယ်။ လူသေမှု အများဆုံးဖြစ်စေတဲ့ plasmodium ပိုးတွေက ပုံစံအမျိုးမျိုးနဲ့ နေကြပါတယ်။ ငယ်ရွယ်စဉ်ဘ၀ merozoite ဆိုတဲ့ပုံစံ၊ နောက်တော့ လခြမ်းလိုပုံဖြစ်လာတဲ့ tropozoite အဆင့်၊ နောက် ပိုင်းရင့်လာတဲ့ schizoint အဆင့်တွေရှိပါတယ်။ ဒီစကားတွေက ဂရိဝေါဟာရ တွေဖြစ်ပြီး အရင် ဘီစီ ၅၀၀ ဂရိခေတ် ကတည်းက သာဆို့စ် Thasos ကျွန်းမှာ ကူးစက်ဖြစ်ပေါ်နေခဲ့တယ်လို့ သမိုင်းတွေက ဆိုပါတယ်။ ဒီငှက်ဖျားပိုးတွေကို ခြင် တွေက သယ်ဆောင်ပြီး လူတွေကိုကိုက်တဲ့အခါ ငှက်ဖျား ကူးစက်တာ ဖြစ်ပေါ်ပါတယ်။ အနောဖလိဆိုတဲ့ ခြင်အမျိုး ၆၀ လောက်ကမှ ငှက်ဖျားဖြစ်စေတဲ့ပိုးတွေကို သယ်ဆောင်နိုင်ကြပါတယ်။ ခြင်မတွေကပဲ လူကို ရောဂါဖြစ်စေတဲ့ ပိုးတွေ သယ် ဆောင်လာကြတာပါ။ ခြင်တွေအူထဲမှာ အခု ပါရာဆိုက်ပိုးတွေက ပေါက်ဖွားရှင်သန်ပါတယ်။ နောက်လူထဲရောက်လာတဲ့ အခါ သူတို့က အသည်းမှာ၊ သွေးထဲမှာ ရှင်သန်ပေါက်ဖွားနေကြပါတယ်။ အခုလိုနယ်စပ်ဒေသတွေမှာ စစ်ပွဲတွေဖြစ်တဲ့ အခါ လူတွေပြောင်းရွှေ့အခြေချမှု၊ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ ခရီးသွားလာမှု ပုံသဏ္ဌာန်တွေ ပြောင်းလဲသွားကြ ရပါ တယ်။ ရွှေ့ပြောင်းထွက်ပြေးရသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ သူပုန်တွေ၊ အကျိုးအမြတ်အတွက် လှုပ်ရှား ကြတဲ့ ကုန်သည်တွေ လည်း ငှက်ဖျားပေါရာဒေသကို ဖြတ်သန်းပြီး ခရီးထွက်ကြရပါတယ်။ ဒီအမှာ ကူးစက်မှု တွေ၊ သေကြေမှုတွေ ပြန့်ပွားပြီး ပိုမိုဖြစ်ပေါ်လာရတာပါ။ အခု ထိုင်း-မြန်မာနယ်စပ်မှာ ရှိုးကလိုးငှက်ဖျား သုတေသနဌာန ဆိုပြီး ရှိပါတယ်။ မဲလစခန်းမှာ ဒုက္ခသည် ၃ သောင်းလောက်ရှိနေတာ၊ သူတို့က ငှက်ဖျားရောဂါ ကုပေးရင်း၊ ရောဂါပိုးအကြောင်း ပျံ့ပွားဖြစ်ပေါ်ပုံ အကြောင်းလည်း သုတေသနလုပ်နေကြပါတယ်။ ၁၉၉၉ ခု၊ ဇူလိုင်တလထဲမှာ ဒီစခန်းထဲမှာ လူ ၁၀၀၀ လောက်က ပလပ်စ်မိုးဒီယမ်ငှက်ဖျားရောဂါမျိုး ခံစားရပြီး၊ ၄၀၀ လောက်ကတော့ ဗိုက်ဗက်စ်ပိုး ကူးစက်ခံရတယ်လို့ သိရပါတယ်။
တခါက နယ်စပ်ဒေသမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာလုပ်၊ စာသင်ပေးတဲ့ ဒတ်ခ်ျလူမျိုးလူငယ် တယောက် အကြောင်း ကိုလည်း ရေးပြပါသေးတယ်။ သူက ပထမအကြိမ်ငှက်ဖျား ဖျားစမှာ သူ့ကို တော်လှန်ရေးသမား အဖြစ် ဂုဏ်တင်ပေးတယ် ဆိုပြီး ဂုဏ်ယူနေပါသေးတယ်။ ဒါပေမယ့် နောက်တကြိမ်လည်း ဖျားရော၊ ထွက် ပြေးတော့တာပဲလို့ ရေးခဲ့ပါတယ်။ မြန်မာ ကျောင်းသားတယောက်လည်း ငှက်ဖျားကို ကုဖို့ဆိုပြီး၊ အရက်နဲ့ ရောလိုက်တာ ပိုဆိုးဆိုးရွားရွား ခံစားရတယ်လို့ ဆိုပါ တယ်။ ဦးဏှောက်ထဲငှက်ဖျားပိုးရောက်ရင် သေစေ လောက်တဲ့ အခြေအနေ၊ ဦးဏှောက်ပျက် ရူးသွပ်စေလောက်တဲ့အထိ လည်း ပြင်းထန်ပါတယ်။ ခုနက ပြော သလို ငှက်ဖျားက ကမ္ဘာတလွှားနေရာ အတော်များများမှာ ဖြစ်နေသလို၊ သမိုင်း အတိတ်ကာလတုန်းထဲက ဖြစ်ခဲ့တော့ အရင်က ကုထုံးတွေအကြောင်းလည်း ဖော်ပြပါတယ်။ ဂရိတွေက ဘာလီဆန်ပြုနဲ့ ရေ-ပျားရည် အရောကို သုံးကြပါတယ်။ တရုတ်တွေကတော့ ကွင်ဟောင်းလို့ခေါ်တဲ့ အရွက်တမျိုးကို သုံးကြပြီး၊ အခုကာလ အာတီမီဆနင်းဆေးအဖြစ် ထုတ်လုပ်သုံးစွဲနေတဲ့ အရွက်ပါ။ ပီရူးဒေသမှာလည်း ဆင်ကိုနာခေါ်တဲ့ သစ်ခေါက် တမျိုးကို သုံး ကြပါတယ်။ အဲဒီသစ်ပင်ကိုပဲ အခု ကရိုလိုကွင်းဆေးအဖြစ် ထုတ်လုပ် သုံးစွဲနေကြပါတယ်။ နောက်ပိုင်းမှာ ကွီနင်းဆေးက ပိုလို့ ခေတ်စားလာသလို၊ ဂျာမန်သိပ္ပံပညာရှင်တွေက ခြင်တွေကို အဖြစ်ဖြုတ် နိုင်ဖို့ DDT ပိုးသတ်ဆေးကိုလည်း ထုတ်လုပ် ခဲ့ကြပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ DDT က အခြားဆိုးကျိုး တွေကြောင့် သိပ်မသုံးတော့ပါဘူး။ ငှက်ဖျားဆေးသစ်တွေ ပေါ်လာသလို၊ ပိုးတွေက ဆေးမတိုးနဲ့ ပြဿနာလည်း ကြုံနေရပါတယ်။ ဆေးဒဏ်ကို ပိုလို့ခံနိုင်ရည် ရှိလာပါတယ်။
ခုနက စာရေးသူပြောခဲ့တဲ့ ရှိုးကလိုးသုတေသနဌာနကတော့ မဲဆောက်မြို့မှာ ငှက်ဖျားကို တိုက်ခိုက်စစ်ဆင်ရ အောင် ဆောင်ရွက်နေကြတာပါ။ ၁၉၈၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး၊ နိုင်ငံတကာ သုတေသနဌာနတွေ၊ တက္ကသိုလ်ကျောင်း ကြီးတွေနဲ့ နိုင်ငံခြားဆရာဝန်တွေလည်း လာရောက်လုပ်ကိုင်နေကြပါတယ်။ ဒေသခံ သူနာပြု၊ ၀န်ထမ်း ၂၀၀ လောက်က လည်း အတူပူးတွဲပြီး ငှက်ဖျားသဘောသဘာဝ၊ ပျံ့ပွားပုံအကြောင်းတွေ လေ့လာနေကြတာပါ။ ဒေသခံတွေကို လက်ငင်း ကူညီနိုင်ငံသလို၊ နိုင်ငံတကာ ဆေးပညာနယ်ပယ်မှာလည်း အသိသုတတွေ ပံ့ပိုးကူညီပေးရာ ရောက်ပါတယ်။ သူတို့က စစ်ပွဲတခုဆင်ရသလို မြေပုံတွေ၊ စာရင်းဇယားတွေ၊ သင်တန်းတွေနဲ့ သေချာ လုပ်ဆောင်နေကြရတာပါ။ နယ်စပ်ဒေသမှာ ငှက်ဖျားရောဂါကို တိုက်ဖို့ ဆေးအသစ် မက်ဖလိုကွင်းကို စမ်းသုံးခဲ့ရာမှာ ၄၀% လောက်ပဲ အလုပ်ဖြစ်ကြောင်းလည်း သူတို့ တွေ့ရပါတယ်။
တရုတ်နိုင်ငံကလာတဲ့ အာတီမီဆနင်းဆေးတွေမှာ အတုတွေနဲ့ကြုံတော့ ပြဿနာတွေ ပိုဆိုးရပါတယ်။ သူတို့က အခုအချိန်မှာတော့ အခြားအစိုးရမဟုတ်တဲ့ အဲန်ဂျီအိုအဖွဲ့အစည်း ၄-၅ ခုနဲ့ ပေါင်းပြီး ငှက်ဖျားတိုက်ဖျက်ရေး အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြပါတယ်။
နယ်စပ်မှာ ရိုးလ်က်စ်နာရီအတု၊ ခိုးကူးခွေ၊ ဆော့ဝဲယားအတုသာမက ဆေးအတုတွေလည်း ကြုံရတတ်ပုံကိုပါ စာရေးသူ က ထည့်ဖော်ပြပါသေးတယ်။ နယ်စပ်ဒေသမှာတော့ ဒီလိုပဲစခန်းသွားနေကြရတဲ့အကြောင်း၊ အခန့် မသင့်ရင် လူကိုပါ သေ စေတဲ့အထိ ဆေးအတုတွေက ဒုက္ခပေးနိုင်ကြောင်း စာရေးသူကဖော်ပြခဲ့ပါတယ်။ နောက်အပတ်မှာတော့ နယ်စပ်ဒေသက ဒွိဟရုပ်ပုံ ရောထွေးနေတဲ့ မြို့ကလေးတွေအကြောင်း ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
No comments:
Post a Comment