Pages

Wednesday, August 4, 2010

တူတာလေးတွေ၊ မတူတာလေးတွေ...


ကျနော်နဲ့ ကျနော့်ကြင်ဖက် ဇနီးအကြား ဘာတွေ တူ သလဲ... ဘာတွေ မတူသလဲဆိုတာ သေချာ အချိန်ယူ မစဉ်းစားမိခဲ့ ပါဘူး။ အခုတော့ ပေါင်းသင်းလာတာ ၁၁-နှစ် သက်တန်းရှိခဲ့ပြီ။ ကြီးကြီးမားမား ရန်ဖြစ်ဖူးတာ မရှိခဲ့ပေမယ့်၊ အိမ်ထောင် ဖက်တွေ သဘော သဘာဝ အတိုင်း ကတောက်ကဆ၊ ပူညံပူညံလေးတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် ပြောရရင် လိုက်ဖက်ညီတဲ့ အတွဲ လို့တော့ ကိုယ့်ဘာသာထင်နေမိတယ်။



(၁)
" သေချာပါရဲ့
လက်ဖက်ရည်ဆိုင်
ကောင်တာထိုင်နေတဲ့ ပန်းကလေးဟာ
ပူပုံပန်းနဲ့ မှိုင်ငေးနေတော့မှာပဲ။
သူချစ်တဲ့ကောင်လေးဟာ
စစ်သွေးကြွ ဘာသာခြား၊ တရွာသားကျနော်လေ...။"
လက်ဖက်ရည်ဆိုင် ကဗျာမှ

လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က သူနဲ့တွေ့တော့ ဒီကဗျာလေး ကျနော် ရေးဖြစ်တယ်။ တကယ်တော့ သူနဲ့ ကျနော်က ပြောရ ရင် အပြင်ပန်းအရ အသွင်မတူပါဘူး။ ကျနော်တို့က ၈၈ အရေးတော်ပုံကြီးအပြီး နယ်စပ်ကို ရောက်လာကြတဲ့ ကျောင်းသားတွေ၊ စစ်သွေးကြွစိတ် တကဲကဲနဲ့ တရဲရဲ ကျောင်းသား တပ်မတော်သားကြီး တွေပေါ့။ သူက နယ်စပ်မြို့ ကလေး တခုက တိုင်းရင်းသူလေးတဦး။ သူတို့မိဘတွေက ထိုင်းနိုင်ငံထဲကို ပြောင်းရွှေ့အခြေချလာကြလို့ ငယ်ငယ် ကတည်းက ထိုင်းကို ရောက်လာကြီးပြင်းလာတဲ့သူ။ ကျနော်နဲ့ တွေ့စက ဗမာစကားတောင် ဖြောင့်ဖြောင့်မပြောတတ်ဘူး။ ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက်တွေ့ဖြစ်ကြပါတယ်။ သူက မွန်လူမျိုး၊ ဒါပေမယ့် မွန်တော်လှန်ရေးအကြောင်း၊ မွန်အမျိုးသား ရေး စိတ်ဓာတ်လည်း စိတ်ဝင်စား ပြင်းပြတဲ့သူ မဟုတ်ပြန်ဘူး။ သာမာန် အရပ်သူ။

ကျနော်က တောထဲရောက်ချိန်က ဆေးကျောင်းသား၊ နောက်ဆုံးနှစ် အပိုင်း (ခ) ထွက်၊ သူကတော့ အတန်း ပညာ ကောင်းကောင်းမရှိဘူး။ ကလေးဘ၀ကနေ အပျိုဖော်ဝင်စ၊ ကိုယ့်ဘာသာ ဈေးဆိုင် ကလေးကို ကြိုးပမ်း ထောင်နေတဲ့သူ။ သူ့မိဘတွေဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင် ကလေးမှာ တွေ့တယ်။ စိတ်ဝင်စားတယ်။ ဒီလိုနဲ့ အဲသည်ကဗျာလေး ရေးဖြစ်တယ်။

ကျနော်တို့ကတော့ ဇောကပ်နေတဲ့သူတွေ၊ ခဏနေ ရှေ့တန်းဆင်းသွားလိုက်၊ ခရီးထွက်သွားလိုက်ပေါ့။ သူကတော့ သူတို့ ရပ်ရွာက ဘုရားဈေးကလေးမှာပဲ ဆိုင်ကလေးတခု စတည်ပြီးတော့ အောင်မြင်လာတယ်။ ကျနော်က အိမ်ထောင်ရေး စဉ်းစားတဲ့အခါ ချစ်တာကြိုက်တာပဲ သိတယ်။ အိမ်ထောင်တခု ထူထောင်ရင် ဆိုတာမျိုးတောင် နောင်ရေးအရှည် မစဉ်းစားမိခဲ့ဘူး။ စဉ်းစားရင်လည်း ရွေးချယ်စရာက သိပ်မရှိလှပါဘူး။ တကယ်လို့ အိမ်ထောင်ကျသွားရင်တောင် တော်လှန်ရေးထဲက ထွက်ဖို့ဆိုတာ၊ စိတ်ကူးတောင် မထားခဲ့တဲ့သူ။

ဒီလိုနဲ့ တာဝန်တွေကြောင့် ဝေးသွားလိုက်၊ ကျနော်က နှစ်အကြာကြီးနေမှ ပြန်လာတော့ တခါပြန်တွေ့တယ်။ ဒီတချိန်မှာ တော့ သူက ဗမာလို အတော် ပြောတတ်နေပြီ။ သူရောင်းဝယ်ဖောက်ကားနေတဲ့ မြန်မာပြည်က ကုန်သည်တွေနဲ့ ပြောရင်း ဆိုရင်း ဖြစ်လာတာ။ အပြောကတော့ သိပ်မချိုလှဘူး။ ကျနော်က အိမ်ထောင်ပြု လက်ထပ်ဖို့ပြောတယ်။ သူက ရှေ့ လုပ်ငန်းစဉ် ဆွဲခိုင်းတော့လည်း ကျနော်က အီလည်လည်။ သူကတော့ သူ့ခြေထောက်ပေါ် သူရပ်နိုင်နေပြီ။ ဒါပေမယ့် အိမ်ထောင်ပြုရင် လက်ထပ် ထိမ်းမြားစရိတ်ကစလို့၊ အရှည်အဝေး လက်တွေ့ကိုစဉ်းစားတယ်။ နှစ်ယောက်သား သက်ပြင်းတွေချကြပေါ့။ ဒီလိုနဲ့ "တံတား" ဆိုတဲ့ ကဗျာလေး ကျနော်ရေးဖြစ်တယ်။

" သင်နဲ့ငါ
မပြတ်သားမှုတစ်ရာ
ဆင်ခြေတစ်ရာ
ဘ၀အကြောင်းခဏပဲ ပြောပါတယ်။
မောတယ်၊ မောတယ်။
သူရော ငါရောညည်းလိုက်တယ်....။"
တံတားကဗျာမှ

ဒီလိုနဲ့ ချုပ်ပြောရရင် ကျနော်တို့ လက်ထပ်ဖြစ်ကြတယ်။ သူက ဗုဒ္ဓဟူး၊ ကျနော်က တနင်္ဂနွေဖွား၊ ပြောရရင် မတည့်ကြဘူး လို့ မြန်မာတွေ အယူရှိကြတာပေါ့။ ဒါကို ကျနော်တို့ မေ့ထားလိုက်ကြတယ်။ အခုအချိန်အထိတော့ အဆင်ပြေတုန်း။ ကျနော်က ခဏခဏ ခရီးထွက်နေရလို့ လင်မယားခွဲနေရတာပဲ ရှိခဲ့တယ်။ ဒီလိုနဲ့ သမီးတောင် ၁၀-နှစ် ရောက်ခဲ့တယ်။

(၂)
မတူတာတွေကို စ စဉ်းစားကြည့်တယ်။ သူက ဗမာစကား သိပ်ရေရေလည်လည်မတတ်တော့ ဆက်သွယ်ရေးမှာ အခက် အခဲ ရှိကြတယ်။ ဗမာစကားကလည်း တခါတလေ ခက်လိုက်တာလို့ ကျနော်ထင်မိတယ်။ ဥပမာ- အိမ် မှာ ၀င်ပေါက်ကို တံခါး၊ အသေးကလေးဖောက်ထားတဲ့ ပြူတင်းပေါက် ဖြစ်ပြန်ရော..။ တခါ အိမ်ခေါင်မိုးပေါ်က ရေကျတဲ့နေရာကျတော့ တံစက်မြိတ်၊ ဝေါဟာရက များသား။ ကျနော်ဘာလုပ်နေသလဲဆိုတာ သူ့ကို ရှင်းပြ ဖို့လည်း ခက်ပြန်တယ်။ "သုတေသန" ဆိုတဲ့ စာလုံးကို ခပ်လွယ်လွယ် ပြောဖို့က ခက်သားမဟုတ်လား။ ဘာပဲဖြစ်ဖြစ် မိန်းမကတော့ သူ့ယောက်ျားကောင်းတာ တခုခုတော့ လုပ်နေတာပေါ့လို့ ထင်နေတာပေါ့။

ကျနော်က စာဖတ်တယ်။ သူက အတန်းပညာနည်းတာလည်း ပါမယ်။ စာဖတ်ဖို့ စိတ်မ၀င်စားဘူး။ တခါတလေ ကျနော် စာအုပ်ကိုင်ရင် သူကမေးတတ်တယ်။ " စာမေးပွဲဘယ်တော့ ဖြေရမလဲ" ဆိုတာမျိုးပေါ့။ တခါတလေ ဖတ်နေတဲ့ စာအုပ် အကြောင်းကိုလည်း မေးလာတတ်တယ်။ တခါကျတော့ ရာဇာဓိရာဇ်အကြောင်း၊ တခါ တလေတော့ လက်တင်အမေရိက မှာ မြေယာပြုပြင်ရေးလုပ်တဲ့အကြောင်း၊ တခါတလေကျတော့လည်း ရှင်းပြဖို့တောင် ခပ်ခက်ခက်ဆိုတော့ သူ့ယောက်ျား က အိမ်မှုကိစ္စကလွဲရင် ဘာမှန်းမသိတဲ့ကိစ္စတွေ အကုန် စိတ်ဝင်စားနေတဲ့သူလို့ ထင်တော့မယ်။

ကျနော်က ကဗျာရေးတယ်။ စာတိုပေစရေးတယ်။ သူကတော့ စာရင်းရေးတယ်။ ငွေပေးယူရှင်းတန်းပဲ ရေးတယ်။ ကျနော် က ရုပ်ရှင်ကြိုက်တယ်။ သီချင်း တခါတလေ နားထောင်တယ်။ သူက သီချင်းတော့ နားထောင်တယ်။ ကျနော့်မိန်းမက ရုပ်ရှင် သိပ်မကြိုက် လှဘူး။ ထိုင်းတီဗွီ TV Soap opera ဆီးရီးတွေတော့ ကြည့်တယ်။ ကျနော့်သမီးကတော့ အဖေတူ ထင်တယ်။ နည်းနည်း ပိုပြီး ရိုမန်းတစ်ဖြစ်တယ်။ စိတ်ကူးယဉ် ကွန့်မြူးတာမျိုး တွေ့ရတယ်။

အစားအသောက်မှာတော့ ကျနော်က ချေးမများတတ်တော့ ပြဿနာ မရှိဘူး။ တောတောင်ထဲမှာနေလာခဲ့တဲ့ ဘ၀ပေး ကောင်းကျိုးပဲ ဆိုပါစို့။ ဘာမဆို စားတယ်။ ဘာအစားဖြစ်ဖြစ် ချေးမများဘူးဆိုတော့ ပြဿနာ မရှိလှ ပါဘူး။ သူချက်တာ ကျနော် အကုန်စားတယ်။

ကျနော်တို့ နှစ်ဦးက Team ဖြစ်သလား၊ မဖြစ်သလားလို့တော့ မသိဘူး။ တခါက သမီးကို လင်-မယား နှစ်ယောက် တက်ညီလက်ညီ ၀ိုင်းစနေကြတော့ "သမီးက အဲဒီစုံတွဲနော်..အင်မတန် ညီတယ်" ဆိုပြီး သတိ ပေးတယ်။ ဒါပေမယ့် မြန်မာ လိုဆိုရင်တော့ 'မောင်တထမ်း၊ မယ်တရွက်' ဆိုတာမျိုးနဲ့တော့ နည်းနည်းလွဲနေ ပြန်တယ်။ သူက သူ့စီးပွားသူလုပ်၊ ကျနော် က အကူပေးရုံမျှ။ ကျနော့်အလုပ်ကိုလည်း သူကူနိုင်တာတော့ မဟုတ်ဘူး။ တခါတလေတော့ မောင်တထမ်း၊ မယ်တရွက် မဟုတ်တော့ သူလူရွေးတာ မှားပြီလားလို့ ထင်နေတတ်တယ်။

တခါက ကျနော်က ရုတ်တရက် ကျနော့်အမေနာမည်ကို သူ့ကို မေးတယ်။ နယ်စပ်မှာ အိမ်ထောင်ကျပြီး၊ တကယ်တော့ ကျနော့်ဖက်က မိဘတွေနဲ့ သူနဲ့ မတွေ့ထား ဖူးတော့.. သူလည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေ လောက်တယ်။ သူက စဉ်းစားမရဘူး ဖြစ်နေတယ်။ ဒါနဲ့ ကျနော်က စတယ်။ "ဘယ်သူ့သားသမီးမှန်းလည်း မသိဘူး လာယောက်ျား လုပ်ထား တယ်... တကယ်မိုလို့ လူဆိုးဖြစ်နေရင် မခက်ဘူးလား" ဆိုတော့ သူ ရှက်တယ်။ နောက်တော့ ကျနော့်မိဘနာမည်တွေကို သူအလွတ်ရအောင် ကျက်ထားတယ်။

(၃)
ကျနော်ကြိုက်တာက သူက လွတ်လပ်တယ်။ ယောက်ျားသားကို မှီခိုမနေဘူး။ ဒါပေမယ့် ကျနော်လို အိမ်ဦး နတ်ကြီးက ဦးဆောင်ဦးရွက်ပြီး အိမ်မှုကိစ္စတွေ မလုပ်တာကိုလည်း သူက မကြိုက်လှဘူး။ တခါကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရဲ့စကားကို ကိုးကားပြီး နှိပ်လိုက်သေးတယ်။ "ကိုယ့်အိမ်ကိုမှ ကိုယ် ဦးမဆောင်နိုင်ရင်၊ နိုင်ငံကို ဘယ်လို ဦးဆောင်မှာလည်းတဲ့"။ သူပြောတာလည်း ဟုတ်သား။

တူတာကတော့ အများသားပါ။ အေးအေးဆေးဆေး နေတတ်တာ တူတယ်။ တခါတလေ အပြင်မှာ ထမင်း ထွက်စားရတာ မျိုးကို ကြိုက်တယ်။ တခါတလေမှာ အလည်အပတ် ခရီးထွက်ရတာမျိုးကို ကြိုက်တယ်။ ဒါပေမယ့် ကျနော် ခဏခဏ ခရီး ထွက်ရတာ လောက်မျိုးတော့ သူမလိုက်နိုင်ဘူး။ အသက်ကြီးလာရင်ရော.. အဲသည်လိုပဲ ခရီးထွက်နေဦးမှာလားလို့ မေး တတ်တယ်။

သူ့မှာက မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်ထက်စာရင်၊ ထိုင်းဖက်ကို ပိုကဲတယ်။ ပုန်းရည်ကြီး မသိဘူး။ ပဲဟင်းကို သေချာ ချက်စား လေ့မရှိဘူး။ ကျနော်ကလည်း ပြည်ပမှာ အနေကြာလာတော့ မြန်မာ့အငွေ့အသက် လည်း ခပ်ငွေ့ငွေ့ပဲ ကျန်တော့တယ်။

ကျနော်ကတော့ စာတော၊ စိတ်ကူးတောထဲ မျောချင်နေသူ။ သူကတော့ လက်တွေ့ဆန်တဲ့သူ။ ကျနော်က သမီးကို ကြီး လာရင် ပညာတတ်ဖြစ်စေချင်တယ်။ ပညာရည်လည်း ချွန်စေချင်တယ်။ သမီးကို ကြီးလာရင် ဘာလုပ်မလဲမေးတော့ "အဆိုတော်လုပ်မယ်" တဲ့။ သူ့အသံကလည်း သိပ်ကောင်းလှတာမဟုတ်။ သူက စန္ဒယားတီးချင်ပါတယ်ဆိုလို့ ကျနော် ၀ယ်ပေးထားတဲ့ ကီးဘုတ်ကလည်း ဖုန်တက်နေပြီ။ ကဲ.. အဆိုတော် မဖြစ်ရင်ဘာလုပ်ချင်သလဲ ဆိုတော့ သမီးက "ကိတ် မုန့်ဖုတ်ရောင်းမယ်။ ကိတ်မုန့်ဆိုင် ဖွင့်မယ်တဲ့" ။ ဒါကလည်း ကျနော့်မိန်းမ လေ့ကျင့်ထားတဲ့ပုံ ဖြစ်နိုင်တယ်။ ကျနော့်မိန်းမ က သမီးကို လေ့ကျင့်ထားပုံက တမျိုး။ သမီးက သူ့ဆိုင်ကို ကူရောင်းပေးရင် ရောင်းလို့ရသမျှ ပိုက်ဆံကိုယူ (အရင်းကိုလည်း မနှုတ်ဘူး)။ သမီးအပိုင် ပိုက်ဆံဖြစ်သွားတယ်။ အကယ်၍ မြို့သွားလည်တဲ့အခါ အပြင်ခရီးသွားတဲ့အခါ အရုပ် ဖြစ်စေ၊ တခုခု ဖြစ်စေ သူဝယ်ချင်ရင် အဲဒီပိုက်ဆံထဲက၀ယ်။ သူ့မှာ ငွေတော့ လက်ထဲမရှိဘူး။ စာရင်းရှိနေတဲ့သဘော လုပ်ပေး ထားတယ်။ အဲသည်တော့ ကျနော့်သမီးမှာက သူ့အပိုင်ငွေ ဘတ် ၅,၀၀၀ လောက်တောင် ရှိနေတတ်တယ်။ တဖက်ကလည်း ကလေးကို လောဘရှိအောင် သင်ထားပေးတဲ့သဘောပေါ့။ ကျနော်လည်း ဒီအစီအစဉ်ကို မကန့်ကွက်ပါ ဘူး။ တချိန်က ကျနော်တို့ ကြီးပြင်းခဲ့ရသလို .. "ငါ့သား စာကြိုးစား.. ကြီးလာရင် အစိုးရရုံးတခုခုမှာ အရာရှိပေါက်စလေး ဖြစ်အောင်လုပ်... ကြိုးစား... တဖြည်းဖြည်းနဲ့ အရာရှိကြီး ဖြစ်လာမယ်" ဆိုတဲ့ သင်ကြားမှု မျိုးကို ကျနော့်သမီးကို မပေးလို တော့ပါဘူး။

ဒီလိုနဲ့ ခရီးဆက်နေကြတုန်း။ မိသားစုက မရှိ-မရှား ဘ၀နဲ့ နေပျော်တုန်း။ ဒါပေမယ့် လောလောဆယ်မှာတော့ သူက ကိုယ်ပိုင်အိမ်တလုံး သိပ်လိုချင်လာလို့ ဒါကို နှစ်ယောက်သား ရည်မှန်းချက်ထားကြတယ်။ ကျနော် ကတော့ တချိန်ချိန်မှာ မြန်မာပြည် ပြန်ရဖို့ အိပ်မက်တုန်း။ အခု လောလောဆယ် ပြန်ရကိန်း မရှိသေးတော့ လည်း .. မြန်မာပြည် ပြန်ရင် လိုက်မှာလား .. ဆိုတာတွေ ဘာတွေလည်း မေးဖို့ မလိုသေးဘူးထင်တာပါပဲ။

မငယ်နိုင်က "အသွင်တူခြင်း မတူခြင်း" ဆိုပြီး သူတို့ မောင်နှံအကြောင်း ရေးထားရာမှာ ကျနော့်ကိုပါ တက်ဂ်ထား လို့ ခင်မင်မှုကို တုံ့ပြန်သောအားဖြင့် ရေးပါတယ်။


Share/Bookmark

11 comments:

Anonymous said...

ကိုအောင်သူငြိမ်း မဟေသီ က ချော တယ် ...
သမီးလေးက အဖေ နဲ့ မျက်နှာကျပုံ ဆင်တယ် ...
လိုချင်နေတဲ့ အိမ် လေး လည်း မြန်မြန်ဝယ်နိုင်ပါစေ...
အမေ့အိမ်ကို မြန်မြန် ပြန်ရပါစေ လို့ တော့ ဆုမတောင်းပေးတော့ပါဘူး ( ဆရာ ပြောသလိုဘဲ ပြန်ရကိန်း မမြင်ရသေးလို့ ) ... ဖြစ်နိုင်ချေ ရှိတာလေးဘဲ ဆုတောင်းပေးလိုက်တယ်း)

Kay said...

ဘာပဲဖြစ်ဖြစ်..ပျော်စရာ ကောင်းတဲ့.. မိသားစု လေး တစု ပါပဲ။
ဘလော့ အပြင်အဆင် တွေ ပြောင်း ထား ပြီး..အခုလို နွေးနွေးထွေးထွေး စာလေး တွေ ပြန်ရေးလာတော့... ကိုယောဟန်အောင်..ဘလော့ဂ် မှာ.. ပုံမှန်စာ တွေ ကဗျာတွေ.. ပြန်များ ဖတ်ရတော့မလားလို့.. မျှော်နေပါတယ်။

ခင်မင်စွာဖြင့်-

Hmoo said...

ဖတ်လို့ကောင်းတယ်နော်,...လာဝင်ပြောဦးမယ်၊....

:P said...

ကိုယောဟန်အောင်နဲ့စာရင် အမျိုးသမီးက တော်တော်ပိုလှတယ်နော်...။

Nge Naing said...

ဆရာရေ ရေးပေးတာ ကျေးဇူးတင်ပါတယ်။ အသေအချာ ဖတ်သွားပါတယ်။ ဆရာ့ဇနီးက အပေါ်မှာ တယောက် ပြောသွားသလိုပဲ တော်တော် ချောတာပဲ။ ကျွန်မ ဓါတ်ပုံကို စတွေ့တွေ့ချင်း နန္ဒာလှိုင်များလား ထင်မှတ်ရတယ်။ ဆရာ့ပုံနဲ့ ကလေးပုံကိုသတိထားမိပြီးမှ ဆရာတို့ မိသားစုပုံပါလားလို့ အသိဝင်သွားတယ်။ အဲဒါ သေ့လောထမှာတုန်းကတောင် ရဲဘော်တွေ ပြောပြောနေတဲ့ တယောက်ပဲထင်ပါတယ်။ (မဟုတ်ရင်တော့ မဟေသီကို ဒီမှတ်ချက် မတွေ့စေနဲ့နော့်) အဲဒီတယောက် ဆိုရင်တော့ ဆရာတို့ နှစ်ယောက်ဟာ ချစ်ချင်းမေတ္တာ တကယ်မှန်ကန်လို့ ပြန်ဆုံရတယ်လို့ ကျွန်မထင်တယ်။ ဘုရားသုံးဆူကနေ မာနယ်ပလောဘက်ကို ရောက်လာပြီး နှစ်တွေ အတော်အကြာမှ ပြန်ဆုံပြီး လက်ထပ်ဖြစ်တယ်ဆိုတော့ တော်ရုံတန်ရုံ အချစ် တော်ရုံတန်ရုံ သစ္စာတရား မဟုတ်လောက်ဘူး။ တယောက်ကိုတယောက် ဆယ်စုနှစ်တခုစာ သစ္စာရှိရှိ ပြန်ဆုံနိုင်တဲ့အနေ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေနိုင်ခဲ့တဲ့ ဆရာတို့နှစ်ယောက်ရဲ့ အချစ်ကို တကယ်ဂုဏ်ပြုပါတယ်။ ဆရာတို့မိသားစုရဲ့ နောက်ထပ် ဆက်လျှောက်ရမည့် ဘ၀လမ်းခရီးမှာ ရည်မှန်းချက်တွေ အောင်မြင်ပြီး ကျန်းမာ ပျော်ရွှင် ချမ်းမြေ့စွာ ဖြတ်သန်းရပါစေ။

ငြိမ်းဝေ said...

ဆရာယော
ခင်ဗျားမဟေသီက
ကျနော့် ဒေဝီလောက်
မချောဘူး ထင်တယ်ဗျ

pandora said...

ပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ မတူတဲ့ အချက်လေးတွေ ရှိနေတာကလည်း တစ်ယောက်နဲ့တစ်ယောက် ဖြည့်စွက်အားကူပေးတာပဲ မဟုတ်လား။ အမြဲတမ်း ပျော်ရွှင်နိုင်ကြပါစေ။ အိမ်အသစ်လှလှလေးလည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ။း)

Sint said...

"ကျနော် ကတော့ တချိန်ချိန်မှာ မြန်မာပြည် ပြန်ရဖို့ အိပ်မက်တုန်း။ အခု လောလောဆယ် ပြန်ရကိန်း မရှိသေးတော့ လည်း .. မြန်မာပြည် ပြန်ရင် လိုက်မှာလား .. ဆိုတာတွေ ဘာတွေလည်း မေးဖို့ မလိုသေးဘူးထင်တာပါပဲ။" It almost made me tear!

သက်ဝေ said...

မိသားစုပုံလေး တွေ့ဖူးသွားပြီ... ပျော်စရာလေး...ချစ်စရာ အိမ်လှလှလေးတလုံး အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်...

ကိုချစ်ဖေ said...

တခါတုန်းက စစ်သွေးကြွကောင်လေးတွေရဲ့ ဘ၀ကိုပဲလွမ်းပါတယ် ကိုအောင်သူငြိမ်းရယ်.

Anonymous said...

ကိုအောင်သူ
ကျနော်ကထွန်းထွန်း အင်းစိန်ကပါ။မှတ်မိလား

Recent Comments